၂၀ စက်တင်ဘာ


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လာမည့် သီတင်းပတ်တွင်  နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး အမေရိကန်နှင့် အီရန် နိုင်ငံခေါင်းဆောင် များနှင့်အတူ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ ပြင်ပတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။


အမေရိကန်နိုင်ငံနှင့် ဘယ်လ်ဂျီယံ နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားသည့် ရှင်ဇိုအာဘေး၏ ခရီးစဉ်ကို အစိုးရအတွင်းရေးမှူးချုပ်အကြီးအကဲ ယိုရှီးဟိုက် က ယနေ့ထုတ်ဖော်ပြောကြားခဲ့သည်။


အာဘေးသည် နယူးယောက်သို့ သွားရောက်ရန် လာမည့် တနင်္လာနေ့တွင် တိုကျိုမှ ထွက်ခွာမည်ဖြစ်ပြီး ထိုသီတင်းပတ်တွင်ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။


အာဘေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် အခြားသော ကိစ္စရပ်များကို ဆွေးနွေးမည် ဟု သိရသည်။


အာဘေးသည် အီရန်သမ္မတ ဟာဆမ် ရိုဟာနီနှင့်လည်း ဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ တင်းမာမှုများ ဖြေလျှော့ရန် မေတ္တာရပ်ခံမည် ဟု မျှော်လင့်ရသည်။


အာဘေးသည် နယူးယောက်မှ ဘယ်လ်ဂျီယံနိုင်ငံသို့ ကြာသပတေးနေ့တွင် သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။


ကိုးကား -အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို