ထွန်းသစ်စ

ပစိဖိတ်နဲ့ သြစတြေးလျကျောင်းသားတွေဟာ စက်တင်ဘာ ၂၀ ရက်က ဆွီဒင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူ ဂရီတာသွန်ဘာ့ချ်ရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု သပိတ်မှောက်ပွဲဆင်နွှဲခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချပေးဖို့ တောင်းဆိုလိုက်တဲ့သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ ယနေ့ခေတ်မှာ ကမ္ဘာကြီးပူနွေးလာမှုဟာ ကျယ်ကျယ်လောင်လောင်ကြားနေရတဲ့ ကိစ္စရပ်တစ်ခုဖြစ်လာသလို နိုင်ငံတိုင်းကလည်း အလေးပေးလာတဲ့ ကိစ္စရပ်တစ်ခုလို့ဆိုရင်လည်း မှန်မယ်ထင်ပါတယ်။

ရှေ့ပြေးတွေပဲဖြစ်

ဆစ်ဒနီမှသည် ဆိုးလ်၊ ထိုမှတစ်ဆင့် ဆော်ပိုလိုအထိ ကျောင်းသားတွေဟာ ရာသီဥတုဆိုင်ရာ ကျောင်းသားသပိတ်မှာပါဝင်ဖို့ စာသင်ခန်းတွေမှာ သပိတ်မှောက်ကြပါတော့မယ်။ ဒါဟာ တကယ့်ကိုကြီးမားတဲ့ လှုပ်ရှားမှုကြီးတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာအနေနဲ့ အခုလိုမျိုး ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတု သပိတ်မှောက်ပွဲပေါင်း ၅၀ဝ၀ ထက်မနည်း ပြုလုပ်မှာဖြစ်ပြီး နယူးယောက်မှာလည်း ကျောင်းပေါင်း ၁၈၀ဝ ကျော်က ကျောင်းသားပေါင်း ၁ ဒသမ ၁ သန်းဟာ အခုပွဲကို ပါဝင်ခဲ့ကြပါတယ်။ ထို့အတူ ဗန်နာတူ၊ ဆော်လမွန်ကျွန်း သို့မဟုတ် ကီရာဘာတီတွေမှာရှိတဲ့ ကလေးတွေကလည်း မိမိတို့ရဲ့ မျှော်မှန်းချက်မဆုံးရှုံးစေရဘူး။ မိမိတို့ အောင်မြင်ရမယ်ဆိုပြီး ဟစ်ကြွေးခဲ့ကြပါတယ်။ ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲ အလယ်မှာ ရေငန်အိုင်ရှိတဲ့ သန္တာကျောက်ကျွန်းတွေဖြစ်တည်လာမှုဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ရှေ့ပြေးတွေပဲဖြစ်ပါတယ်။

အားပေးခဲ့ကြ

ဂရီတာသွန်ဘာ့ချ်ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု သပိတ်မှောက်ပွဲကို ကမ္ဘာအနှံ့မှာရှိတဲ့ ကလေးတွေလည်း ပူးပေါင်းပါဝင်လာပြီး ထိုမှတစ်ဆင့်လူကြီးတွေ ကမ္ဘာကြီးပူနွေးလာမှုကို ဘယ်လိုထိရောက်အောင် ကိုင်တွယ်မလဲဆိုတာ လှုံ့ဆော်သွားမှာပဲ ဖြစ်ပါတယ်။ ဗီဒီယိုသတင်းစကားမှာတော့ အသက် ၁၆ နှစ်အရွယ် ဂရီတာ သွန်ဘာ့ချ်က ကလေးတွေအားလုံးကို ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု သပိတ်မှောက်ပွဲဆင်နွှဲဖို့ တိုက်တွန်းထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ သူက အဲဒီမှာ အားလုံးမှာ တာဝန်ရှိတယ်။ မင်းတို့ရဲ့ တာဝန်ကရော ဘာလဲလို့ မေးထားပါတယ်။

သြစတြေးလျနိုင်ငံသား ထောင်ပေါင်းများစွာ ဆစ်ဒနီ၊ မဲလ်ဘုန်း မှာ နေထိုင်ကြတယ်။ တချို့ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရတွေ၊ ကျောင်းတွေဟာ သူတို့ရဲ့ အလုပ်သမားတွေ၊ ကျောင်းသားတွေကို စက်တင်ဘာ ၂၀ ရက်မှာ ပါဝင်စေဖို့ အားပေးခဲ့ကြပါတယ်။

ဒွိဟဖြစ်နေမယ့်သဘောကို တွေ့ရ

လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကိုလည်း မိမိတို့အနေနဲ့ ဒီကိစ္စဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်း သတင်းစကားတွေ ပေးပို့ချင်ပါတယ်လို့ အသက် ၁၆ နှစ်ရှိတဲ့ ဝယ်ကော်နာက ပြောပါတယ်။ ဒါဟာ မိမိတို့ရဲ့ အနာဂတ်ဖြစ်ပါတယ်လို့ သူကဆက်ပြောပါတယ်။

သြစတြေးလျဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံစားနေရပါတယ်။ ဆိုးရွားလှတဲ့ မိုးခေါင်မှုဒဏ်တွေ၊ တောမီးလောင်မှုတွေ များပြားလာတာ၊ ရေကြီးမှုကိုဖြစ်စေတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ၊ သန္တကျောက်တန်းတွေ ပြုန်းတီးလာတာကိုလည်း ရင်ဆိုင်ခံစားနေရပါတယ်။

ရှေးရိုးစွဲအများစုကတော့ ရာသီဥတုပြောင်းလဲမှုတွေကို သိပ်ဦးစားပေးတဲ့ပုံ မတွေ့ရပါဘူး။ တကယ်လို့ သြစတြေးလျအစိုးရဟာ ရာသီဥတုပြောင်းလဲမှုဟာ ကြောက်စရာကောင်းတယ်လို့ ယူဆမယ်ဆိုရင်တော့ သူ့ရဲ့ စီးပွားရေးဟာ သဘာဝဓာတ်သတ္တု အရင်းအမြစ်တွေကို အားကိုးနေရတဲ့အချိန်မှာ ဖန်လုံအိမ်သဘာဝဓာတ်ငွေ့ လျှော့ချဖို့နဲ့ အလုပ်အကိုင်တွေ ဘေးကင်းလုံခြုံမှု ဖန်တီးဖို့ကြားမှာ အမြဲဒွိဟ ဖြစ်နေမယ့်သဘောကို တွေ့ရပါတယ်။

ရေးဆွဲကြရမယ်

သို့သော်လည်း သြစတြေးလျကုမ္ပဏီအများစုဟာ သူတို့ကိုယ်သူတို့ ရာသီဥတုပြောင်းလဲမှုကို ဘယ်လိုကာကွယ်မလဲဆိုတာ သတိမထားမိတာတွေလည်း ရှိပါတယ်။

နောက်လာမယ့် သီတင်းပတ်ထဲမှာ ကုလသမဂ္ဂညီလာခံမှာ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ အစည်းအဝေးကျင်းပဖို့ လျာထားပြီးတော့ ဒါဟာ ကမ္ဘာ့အရေးတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီမှာ အီမန်နျူရယ်မက်ခရွန်နဲ့ အန်ဂျလာမာကယ်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ အတော်များများ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင် အတော်များများကလည်း ရာသီဥတု ပြောင်းလဲရေး အရေးပေါ်ကိစ္စရပ်တွေကို ဖော်ပြဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ရာသီဥတုဆိုင်ရာ အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း တိကျတဲ့အစီအစဉ်တွေ ရေးဆွဲကြဦးမှာ ဖြစ်ပါတယ်။

ဖောက်ပြန်မှုတွေကြောင့်ဖြစ်

ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ဖို့အခွင့်အရေးကတော့ ကမ္ဘာကြီးဟာ ကာဗွန်ထုတ်လွှတ်မှုတွေကို လာမယ့် ၂၀၅၀ မှာ လုံးဝလျှော့ချရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးမှုဟာ ၁၉ ရာစုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခု ၂၁ ရာစုမှာ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ် ပိုများလာတာကို တွေ့ရမှာဖြစ်ပါတယ်။

အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ တဖြည်းဖြည်း အပူချိန်မြင့်မား လာတာတွေ၊ ရာသီဥတုဖောက်ပြန်တာတွေ၊ တောမီးလောင်တာတွေဟာ မကြုံစဖူးထူးကဲတဲ့ ကိစ္စရပ်တွေ ဖြစ်လာပါတယ်။ တချို့နိုင်ငံမှာဆို သစ်တောတွေ ပြုန်းတီးတာတွေ၊ မိုးခေါင်ရေရှားဖြစ်တာ တွေဟာလည်း အခါတိုင်းနဲ့မတူ တစ်မူထူးခြားလှပါတယ်။

တဖြည်းဖြည်းနဲ့ ဆိုးရွားယိုယွင်းလာတဲ့ ကမ္ဘာကြီးပူနွေးလာမှုဟာ သူ့ကို အမှီပြုနေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက်တော့ အန္တရာယ် စက်ကွင်းကြီးထဲ ကျရောက်သလို ဖြစ်တော့မှာဖြစ်ပါတယ်။ ဒါတွေဟာ လူတို့ရဲ့ ပယောဂမကင်းသလို သဘာဝတရားတွေရဲ့ ဖောက်ပြန်မှုတွေ ကြောင့်လည်း ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အားလုံးပါဝင်ကြမယ်

ဒါကြောင့် ယနေ့ခေတ်အခါမှာ နိုင်ငံအတော်များများက ရာသီဥတုဆိုင်ရာ ကာကွယ်ရေးတွေကို ကြိုးစားပမ်းစား ဆောင်ရွက်နေကြပါပြီ။ အခုလိုမျိုး ကျောင်းသားလူငယ်တွေ စုစည်းပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်မှောက်ပွဲ ဆင်နွှဲကြတာဟာ ကမ္ဘာ့ပြည်သူတွေကို ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲရေးကို သတိထားကြဖို့ တိုက်တွန်းလိုက်သလိုပါပဲ။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖြစ်စဉ်ကြီးတစ်ခုလုံး ပြောင်းလဲဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရမှာမဟုတ်ဘဲ ကမ္ဘာတွင်းမှာ နေထိုင်ကြတဲ့ လူအားလုံး ပါဝင်ကြမှသာ ပြောင်းလဲလာမယ်လို့ ယုံကြည်လိုက်ရပါတယ်။ ။

ကိုးကား- အေအက်ဖ်ပီ