ကျွန်းစု ၂၃ စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာအုပ်စု စမ်းသစ်ကျေးရွာအနီး တနင်္သာရီ မြစ်အတွင်း၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က နာရေးတစ်ခုမှ ပြန်လာသည့် ပဲ့ချိတ်တပ် စက်လှေတစ်စီးသည် ရေအောက်ရှိ သစ်ငုတ်အား တိုက်မိခဲ့ရာမှ လှေဝမ်းပေါက်၍ စက်လှေနစ်မြုပ်သွားခဲ့ရာ လူနှစ်ဦးသေဆုံး၍ သုံးဦးတို့မှာ ပျောက်ဆုံးနေကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ်၊ ဝါးရစ်ကျေးရွာအုပ်စု၊ ဝါးရစ် (မြန်မာ)ကျေးရွာနေ ဦးအုန်းကြူ၊ (၅၀)နှစ် လယ်လုပ်ကိုင်သူပါ ကျေးရွာသူ/ကျေးရွာသား အမျိုးသား(၃)ဦး အမျိုးသမီး(၁၃)ဦး စုစုပေါင်း(၁၆)ဦးတို့သည် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောတန်းကျေးရွာ၌ အသုဘပို့အပြီး ဦးအုန်းကြူပိုင်ဆိုင်သည် အလျားပေ ၃၀၊ အနံ ၄ပေ၊ ရေစူး (၂)ပေခန့်ရှိ တရုတ်စက် (၅ / ၆) ကောင် ပဲ့ချိတ်တပ်စက်လှေဖြင့် မဇောကျေးရွာအုပ်စု တောတန်းကျေးရွာမှ ဝါရစ်ကျေးရွာအုပ်စု ဝါးရစ်(မြန်မာ)ကျေးရွာသို့ ဦးအုန်းကြူ မောင်းနှင်၍ ပြန်လည်ထွက်ခွာလာစဉ် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ  ၂ နာရီခန့်တွင် ကျွန်းစုမြို့နယ် ၊ ဝါးရစ်ကျေးရွာအုပ်စု၊စမ်းသစ်ကျေးရွာအနီး တနင်္သာရီမြစ်အတွင်း၌ ရေအောက်ရှိသစ်ငုတ်အား လှေဖြင့်ဝင်တိုက်မိခဲ့ရာမှ လှေဝမ်းပေါက်ကာ စက်လှေမှာနစ်မြုပ်သွားခဲ့သည်။

 

ယင်းစက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါသူ ကျွန်းစုမြို့နယ် ဝါးရစ်ကျေးရွာအုပ်စု ဝါးရစ်(မြန်မာ) ကျေးရွာမှ အမျိုးသားအမျိုးသမီး (၁၆)ဦးတို့အနက် အမျိုးသမီး(၅)ဦးမှာ ပျောက်ဆုံးလျက်ရှိသဖြင့် ရွာသူ/ရွာသားများမှ လိုက်လံရှာဖွေခဲ့ရာ ဒေါ်အေးရှင်(၆၂)နှစ်၊ ဒေါ်ကြည်ဝင်း(၄၂)နှစ် လယ်လုပ်ကိုင်သူ (၂)ဦးအား သေဆုံးလျက် ပြန်လည်ဆယ်ယူရရှိခဲ့ပြီး၊ ဒေါ်အေးကြူ၊ (၅၅)နှစ်၊ ဒေါ်နှင်းဝေစိုး (၃၀) နှစ်နှင့် ဒေါ်ယုဝါ(၄၀) နှစ်တို့ (၃)ဦးအား ပျောက်ဆုံးနေလျက်ရှိပြီး မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝါးရစ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောမြအောင် နှင့် ရွာသူ/ရွာသားများမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် စက်လှေပေါ်ပါရှိသူများအနက် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှု ခံယူရန် မြိတ်မြို့ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးလျက်ရှိကြာင်းနှင့် လှေပိုင်ရှင်/ ပဲ့နင်း ဦးအုန်းကြူ အား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


မြင့်ဦး(မြိတ်)