ဘန်း ၂၄ စက်တင်ဘာ
ဆွစ်ဇာလန်နိုင်ငံတွင် တိုင်းပြည်တစ်ဝန်းလုံး 5G နည်းပညာကွန်ရက်ဖြန့်ကြက်ရာတွင် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မည်စိုးရိမ်သောကြောင့် မြို့တော်ဘန်းတွင် စက်တင်ဘာ ၂၁ ရက်က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသူများသည် ဆွစ်ပါလီမန် အဆောက်အအုံရှေ့တွင် စုဝေးဆန္ဒပြခဲ့ကြသည်။ ၎င်းတို့သည် 5G ဧရီယာတိုင်များ ဆောက်လုပ်နေခြင်းကိုရပ်တန့်ရန် ဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒပြပွဲတွင် ထွက်ပေါ်လာကြသောလူများသည် 5G ကွန်ရက်မိတ်ဆက်ခြင်းကို ဆန့်ကျင်ကြကြောင်း အဆိုပါ လူစုလူဝေးကို စုစည်းခဲ့သည့် တွဲဖက်ဥက္ကဋ္ဌ တမ်လင်းစခီဘာအယ်မန်က ပြောသည်။ တရုတ်နည်းပညာ ကုမ္ပဏီဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ မိတ်ဆက်မှုဖြင့် မိုနာကိုနိုင်ငံသည် ဇူလိုင်လအတွင်းက 5G မိုဘိုင်းဖုန်းကွန်ရက်ကို ဥရောပတွင် ပထမဦးဆုံးနိုင်ငံအဖြစ် စတင်သုံးစွဲခဲ့သည်။ ယခင်မျိုးဆက် မိုဘိုင်းနည်းပညာနှင့် နှိုင်းယှဉ်လျှင် ယခုအသုံးပြုမည့်စနစ်မှာ လျှပ်စစ်သံလိုက် ရေဒီယို သတ္တိကြွဖြာထွက်မှုကြောင့် လူသားတို့၏ ကျန်းမာရေးကိုမကြုံစဖူးထိခိုက်ကာ ပတ်ဝန်းကျင်ကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်မည်ဟု လူများက ငြင်းခုံနေကြသည်။
ကြိုတင်ကာကွယ်မှုအနေဖြင့် ဆွစ်ဇာလန်ရှိနယ်မြေအချို့တွင် ဧရိယာတိုင်များ ဆောက်လုပ်မှုကို ရွှေ့ဆိုင်းသွားရန် အွန်လိုင်းမှ အသနားခံစာတင်ရန်လည်း လှုံ့ဆော်ထားသည်။ နည်းပညာသစ်ကို ဆန့်ကျင်နေကြသည့် လူစုသည် 5G ကွန်ရက်၏ ဆိုးကျိုးများကို အကဲမဖြတ်ရသေးခင် အကောင်အထည် ဖော်နေမှုများအား ဆိုင်းငံ့ထားရန် တောင်းဆိုနိုင်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပရန်အတွက် လက်မှတ်ပေါင်း တစ်သိန်းခန့်ကို စုစည်းနေကြသည်။
အေအက်ဖ်ပီ


