ဝါရှင်တန် ၂၄ စက်တင်ဘာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် တွေ့ဆုံသွားရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၂ ရက် နံနက်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် အီရန်နှင့်တွေ့ဆုံရန် ရည်ရွယ်ချက်မရှိဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။
စောပိုင်းကာလကမူ အမေရိကန်သမ္မတထရမ့်သည် အီရန်ခေါင်းဆောင်နှင့် တွေ့ဆုံလိုသည်ဟု ပြောကြားခဲ့သည်။ သို့သော် ဆော်ဒီအာရေဗျရှိ ရေနံစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် ယင်းဖြစ်ရပ်အတွက် အမေရိကန်က အီရန်ကို အပြစ်တင်ခဲ့ပြီး အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ်တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဟု အမေရိကန်ဘက်မှ ပြောကြားခဲ့သည်။ အမေရိကန်ဘက်မှ ငြိမ်းချမ်းရေးကို လိုလားလျက်ရှိပြီး နှစ်ဖက်စလုံးမှ တုံ့ပြန်မှုများသည် အတားအဆီး အဟန့်အတားများဖြစ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အေဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
ဆင်ဟွာ


