ဂျကာတာ စက်တင်ဘာ

၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် Lion Air လေယာဉ်ပျက်ကျမှု၌ ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်၏ ဒီဇိုင်းပုံစံ၌ ချွတ်ယွင်းအားနည်းချက်များရှိကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားခဲ့မှုကို ဝေါစထရိဂျာနယ်မှ စက်တင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျမှုနှင့်စပ်လျဉ်း၌ နိုဝင်ဘာလအစောပိုင်းက တရားဝင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ လေယာဉ်မှူး၏အမှားနှင့် ထိန်းသိမ်းမှုဆိုင်ရာ မှားယွင်းမှုတို့ရှိကြောင်း ဖော်ပြထားသည်။ Lion Air လေယာဉ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဂျကာတာမြို့မှ ထွက်ခွာလာပြီးနောက် အချိန်အနည်းငယ်အကြာတွင် မတော်တဆပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၈၉ ဦး အသက်ဆုံးရှုံး ခဲ့ရသည်။

ထိုသို့ဖြစ်ပွားပြီးနောက် အီသီယိုပီးယားလေကြောင်းလိုင်းမှ ၇၃၇ မက်စ်လေယာဉ်တစ်စင်း ပြီးခဲ့သည့် မတ်လက အာဒစ်အဘာဘာမြို့မှ ပျံသန်းထွက်ခွာလာပြီးနောက် ပျက်ကျမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် ၁၅၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ လေယာဉ်ပျက်ကျမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက်တွင် ကမ္ဘာတစ်ဝန်းရှိ ဘိုးရင်း ၇၃၇ မက်စ်လေယာဉ် အမှာစာများ လျော့ကျခဲ့သည့်အပြင် လေယာဉ်ပြေးဆွဲမှုများကိုလည်း ရပ်နားထားခဲ့ရသည်။

လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံက ဖော်ပြခဲ့သည့် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်အာဏာပိုင်များသည် စက်တင်ဘာလနှောင်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အေအက်ဖ်ပီ