နေပြည်တော် ၂၄ စက်တင်ဘာ
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းကို သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် နန်းဦးကျေးရွာအုပ်စု ပေါင်လောင်ကျေးရွာ အနောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးမှ အင်၊ ကညင်၊ သပြေ၊ သဒီသစ် စုစုပေါင်း ၂၁ ဒသမ ၃၈၈၆ တန်နှင့် စက်လှေတစ်စီးကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းပေါ်၌ DUTRO(TRUCK)(၆)ဘီး ယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား ၄ ဒသမ ၆၇၂၆ တန်ကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မဘိမ်းမြို့နယ် ရွှေလီမြစ်အတွင်းမှ ကျွန်း၊ ပျဉ်းကတိုး၊ ကညင်သစ်ခွဲသား စုစုပေါင်း ၁၈ ဒသမ ၉၄၇၀ တန်ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် သရက်ကုန်းကျေးရွာအဝင်လမ်း ရာဘာခြံအတွင်း၌ BONGO(၆) ဘီးယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား ၁ ဒသမ ၇၂၃၄ တန်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ် မအီခြေတော်ရာလမ်းဘေးမှ သင်ပုန်းခွဲသား ၇ ဒသမ ၂၆၈၀ တန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ဇောင်းတူ-တိုက်ကြီး ကား လမ်းဘေး အိုင်ကြီးဒေါင့်ကျေးရွာအနီး၌ TOYOTA DYNA (၆)ဘီးယာဉ်ပေါ်မှ ကျွန်း၊ ပျဉ်းကတိုး ခွဲသား စုစုပေါင်း ၂ ဒသမ ၁၁၈၄ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပလ္လင်ကြိုးဝိုင်း ရှဲကျေးရွာ သေမသောက်ကျေးရွာ၊ သံပေါက်ချောင်း၊ မောက္ကတော ချောင်းနှင့် ငါးနန္ဒကျေးရွာနေရာ အနီးဝန်းကျင်တို့မှ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ သရက်သစ်ခွဲသား စုစုပေါင်း ၂၇ ဒသမ ၉၇၄၆ တန်ကိုလည်း ကောင်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း။
ထို့အတူ ချင်းပြည်နယ် မင်းတပ်ခရိုင် မင်းတပ်မြို့နယ် မြို့ဝင်စစ်ဆေးရေးစခန်းနေရာ၌ GMC (၆)ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်နှစ်စီးတို့အပေါ်မှ ကျွန်း၊ ပျဉ်းကတိုးခွဲသား စုစုပေါင်း ၄ ဒသမ ၃၂၃၄ တန်နှင့် ပြစ်မှု ကျူးလွန်သူသုံးဦးကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် Oriental Highway တိုးဂိတ်လ်အနီး၌ မော်တော်ယာဉ် သုံးစီးနှင့်အတူ ပိတောက်၊ ကျွန်းခွဲသား စုစုပေါင်း ၄ ဒသမ ၆၉၅၄ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ လေးဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


