ပါရီ ၈ ဇန်နဝါရီ
မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပြင်သစ်အစိုးရကို ဦးတည်သည့် အဝါရောင်အင်္ကျီဝတ် ဆန္ဒပြလှုပ်ရှားမှုများကို ပြစ်တင်ရှုတ်ချကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာဖြစ်သော တွစ်တာပေါ်တွင် ရေးသားထားသည်။
ဆိုးရွားလှသည့် အဆိုပါ ဆန္ဒပြလှုပ်ရှားမှုများသည် ပြင်သစ်လုံခြုံရေး တပ်ဖွဲ့များ၊ နိုင်ငံ၏အထင်ကရ ကိုယ်စားပြုနိုင်သည့် နေရာများကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။
ယခုကဲ့သို့ အကြမ်းဖက်မှုများကို ပြုလုပ်နေခြင်းက နိုင်ငံသားများ လိုက်နာစောင့်ထိန်းသင့်သည့် ကျင့်ဝတ်များကို မေ့လျော့နေပြီဆိုသည်ကို ဖော်ပြရာရောက်ကြောင်း သမ္မတ မက်ခရွန်က ပြောသည်။
တရားမျှတမှုနှင့် အမှန်တရားများက တဖြည်းဖြည်း တွင်ကျယ်လာမည်ဖြစ် ကြောင်းနှင့် လူတိုင်းစိတ်အေးအေးထား ကာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင် သင့်ကြောင်း သမ္မတ မက်ခရွန်က တိုက်တွန်းထားသည်။
ဇန်နဝါရီ ၅ ရက်က ဆန္ဒပြလူအုပ်ကြီးသည် လုပ်ငန်းခွင်သုံးကားကြီးဖြင့် ပါရီမြို့အစိုးရအဆောက်အအုံ၏ တံခါးကို ဝင်တိုက်ရာ အစိုးရပြောရေးဆိုခွင့်ရှိသူ ဘင်ဂျမင်န်ဂရီဗက်နှင့် ဝန်ထမ်းအချို့ ရုံးခန်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ ဇန်နဝါရီ ၅ ရက်တွင် ပါဝင်ဆန္ဒပြသူ ဦးရေသည် ငါးသောင်းခန့်ရှိပြီး ယခင် အကြိမ်ဆန္ဒပြသည့် လူဦးရေထက် များသော်လည်း ပထမအကြိမ်ဆန္ဒပြသူ နှစ်သိန်းရှစ်သောင်းကျော် ပမာဏထက် များစွာလျော့နည်းကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ဆင်ဟွာ