မကွေး ၂၉ စက်တင်ဘာ
မကွေးတိုင်း၊ မြို့သစ်မြို့နယ် ၊ လေးတိုင်စင်ကျေးရွာမြောက်ဘက် ၂ ဖာလုံခန့်အကွာရှိရေကန်တွင် ရေနစ်နေသည့် (၄)တန်းကျောင်းသားတစ်ဦးကို ဓမ္မစကူးလ်ကျောင်းဆရာက ဆင်းကယ်ရာ ဆရာတပည့်(၂)ဦးစလုံး ရေနစ်သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့နယ် ၊ မြို့မရဲစခန်း မှ သိရသည်။
လေးတိုင်စင်ကျေးရွာ တာဝန်ရှိသူများ၏ ဖုန်းဆက်တိုင်ကြားချက်အရ မြို့သစ်စခန်းမှူး ဒုရဲမှူးရွှေစိန် နှင့် တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လေးတိုင်စင်၊အထကကျောင်းမှ အသက်(၉)နှစ်အရွယ် လေးတန်းကျောင်းသား မောင်သိန်း မိုးအောင် ရေနစ်နေသည်ကို ဆယ်တန်းအောင်မြင်ထားပြီး ဓမ္မစကူးလ်ဆရာလုပ်နေသည့် အသက်(၂၀)အရွယ် ကိုသန်းဇော်အောင်က တွေ့မြင်၍ ဆင်းကယ်ရာမှ နှစ်ဦးစလုံး ရေနစ်သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။
လေးတိုင်စင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်စိုး နှင့် ရပ်ရွာလူကြီးများရှေ့မှောက်တွင် အခင်းဖြစ်စဉ်အား စစ်ဆေးခဲ့ပြီး သေဆုံးမှုကို မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိကြောင်း သိရသည်။
ဇေယျတု(မကွေး)


