ဖားကန့် ၂ အောက်တိုဘာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ ကျောက်မျက် လုပ်ကွက် ရေကန်ဟောင်းအတွင်း ပြုတ်ကျသေဆုံးခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ မြဥယျာဉ်ကုမ္ပဏီနှင့် မြစ်ဆုံဧရာကုမ္ပဏီ ရေကန်ဟောင်းအနီးတွင် ရေမဆေး ကျောက်ရှာဖွေနေသူ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၄)နေ နိုင်လင်း(၃၉ နှစ်)သည် ကျောက်ရှာဖွေနေစဉ် အမြင့်ပေ(၃၀)ခန့်မှ ကျောက်တုံးတစ်တုံးပြုတ်ကျခဲ့ရာမှ ဦးခေါင်းအားထိမှန်ပြီး အနက်ပေ(၂၀ဝ)ခန့်ရှိ ကျင်းဟောင်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးခဲ့သည်။
အဆိုပါပျောက်ဆုံးနေသူကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ငိုးပင်းကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲက သေဆုံးသူ နိုင်လင်း၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့၍ လုံးခင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


