နေပြည်တော် ၂ အောက်တိုဘာ
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းအား သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေ အုပ်ချုပ်ရေး အဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၃၀ ရက်တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ် ကြိုးပြင် (IX)နှင့် နမ့်မဲကြိုးဝိုင်း အကွက်အမှတ်(၂)နေရာတို့မှ ကျွန်းသစ် ၆ ဒသမ ၉၅၈၀ တန်ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် နယ်စပ်ကျောကြိုးဝိုင်း အကွက်အမှတ် (၂၀)အတွင်းမှ အင်၊ ထောက်ကြံ့နှင့် ဖန်ခါးခွဲသား စုစုပေါင်း ၈ ဒသမ ၆၂၃၄ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် နတ်ကြီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာအနီးဝန်းကျင် ချင်းတွင်းမြစ်အတွင်းမှ အင်၊ ကျွန်း၊ ကျွန်းပကာနှင့် လုံးပတ် ၃ ပေအောက် ကျွန်းသစ်ခွဲသား စုစုပေါင်း ၂၈ ဒသမ ၉၄၃၀ တန်နှင့် အင်ဂျင်နှစ်လုံးကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကပြင်းလွင်ကြိုးပြင် ကာကွယ်တောနှင့် ဖီလေးအပတောနေရာများ၌ ယာဉ်နှစ်စီးပေါ်မှ ကျွန်းခွဲသားနှင့် သစ်ဗုံတို စုစုပေါင်း ၄ ဒသမ ၁၃၀၄ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူနှစ်ဦးကိုလည်းကောင်း၊ ကပြင်းလွင် ကြိုးပြင်ကာကွယ်တောအတွင်းမှ ကျွန်းနှင့် ပိတောက်သစ်ခွဲသား ၂၈ ဒသမ ၅၉၀၆ တန်၊ အင်ဂျင်တစ်လုံး၊ လွှဝိုင်းတစ်ဝိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပြစ်မှုကျူးလွန်သူငါးဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


