ဝါရှင်တန် ၅ အောက်တိုဘာ
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတ လောင်းအဖြစ် မိမိကိုစိန်ခေါ်လာမည့် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်အား စုံစမ်းစစ်ဆေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအစိုးရများကို တိုက်တွန်းလိုက် ကြောင်း သတင်းရရှိသည်။
၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် မိမိ၏ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်သည့် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင် ဒန်နှင့် ၎င်း၏သားကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနှင့် တရုတ် နိုင်ငံတို့ကို တိုက်တွန်းလိုက်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
လတ်တလောရက်ပိုင်းတွင် အမေရိကန်သမ္မတ ထရမ့် သည် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ထိုးနှက် တိုက်ခိုက်ခဲ့သည်။ ဂျိုးဘိုင်ဒန်သည် ဒီမိုကရက်သမ္မတ လောင်းဖြစ်ရန် ကြိုးစားနေသူများထဲတွင် ထိပ်ဆုံးက ပြေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ဘိုင်ဒန်သည် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က ၎င်း၏သား ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ မလုပ်နိုင်အောင် ယူကရိန်းအစိုးရအား ဖိအားပေးခဲ့ကြောင်းနှင့် ဒုတိယ သမ္မတ၏ အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြောင်း သမ္မတ ထရမ့်က ပြောကြားလိုက်သည်။
ထို့အပြင် ဘိုင်ဒန်သည် ၂၀၁၃ ခုနှစ်က တရုတ်ကိုသွား သည့် ခရီးစဉ်အတွင်း ၎င်းတည်ထောင်ရန် လုပ်ဆောင်နေ သည့် စတော့ရှယ်ယာနှင့် ငွေရေးကြေးရေးကုမ္ပဏီတစ်ခု အတွက် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရယူခဲ့ကြောင်း သမ္မတထရမ့်က ဆက်လက်စွပ်စွဲ ပြောကြားထားသည်။ ဘိုင်ဒန်နှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးမှုတစ်ခုကို တရုတ်တို့ စတင်လုပ်ဆောင်သင့် ကြောင်း သမ္မတထရမ့်က ပြောကြားလိုက်သည်။
ယခုလိုပြောကြားလိုက်သည့်အတွက် သမ္မတထရမ့် သည် ၎င်း၏ သမ္မတအာဏာကို အလွဲသုံးစားလုပ်သည်ဟု ဒီမိုကရက်အမတ်များက ပြောကြားလိုက်ပြီး သမ္မတထရမ့် သည် တရားစွဲခံရရန် ထိုက်တန်ကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် အဒမ် စကဖ်က ပြောကြားလိုက်သည်။
ထို့အပြင် စကဖ်က သမ္မတထရမ့်သည် ၎င်း၏အာဏာ များကို အသုံးပြုကာ ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များ အကြောင်း စုံစမ်းစစ်ဆေးရန် နိုင်ငံခြားခေါင်းဆောင်များ ကို ဖိအားပေး၍မရကြောင်း၊ သမ္မတထရမ့်၏ ပြောစကား များကြောင့် ၎င်းအား တရားစွဲဆိုရန် တွန်းအားတစ်ခုဖြစ်စေ ကြောင်း ပြောကြားလိုက်သည်။
ဘိုင်ဒန်က သမ္မတထရမ့်၏ စွပ်စွဲပြောကြားချက်များ ကို ပြန်လည်ချေပသည့်အနေဖြင့် အောက်တိုဘာ ၃ ရက်က မိမိအနေဖြင့် ပုံမှန်အတိုင်းဆက်ရှိနေမည်ဖြစ်ကြောင်း၊ မိမိ နှင့် မိမိမိသားစုကို ပျက်စီးအောင် လုပ်ဆောင်၍ရမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ထောက်လှမ်းရေးအသိုင်းအဝိုင်းက အတွင်းလူတစ်ဦး ၏ သတင်းပေးတိုင်ကြားချက်တွင် သမ္မတထရမ့်သည် ၎င်း၏ အာဏာကို အသုံးပြုပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုကို ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ဖိတ်ခေါ်ခဲ့ သည်ဟု တိုင်ကြားထားသည်။ သမ္မတထရမ့်က ၎င်းအနေ ဖြင့် မည်သည့်အမှားမျှ မပြုလုပ်ကြောင်း ၊ မိမိအား ဝေဖန် သူများကို သစ္စာဖောက်များဟု ပြစ်တင်ပြောကြား လိုက်ပြီး မိမိအား တရားစွဲရန် လုပ်ဆောင်နေခြင်းသည် အာဏာသိမ်းခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ပြောလိုက် သည်။
အေအက်ဖ်ပီ


