ပဲခူး ၆ အောက်တိုဘာ
ပဲခူးမြို့ ဥသာမြို့သစ် အမှတ်(၈)ရပ်ကွက် စက်မှုဇုန်လမ်း ကျောက်ပန်းတောရ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အဘဦးမိုးဟိန်းဓာတ်နန်းအတွင်း၌ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က လူ(၃)ဦးနှင့် ကိုရင်(၁)ပါးတို့ အစာအဆိပ်သင့်ရာ လူ (၃) ဦး သေဆုံးသွားကြောင်း သိရသည်။
အစာအဆိပ်သင့်မှုကြောင့် ကျောက်ပန်းတောရ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အဘဦးမိုးဟိန်း ဓာတ်နန်းအတွင်းနေ ဦးဝင်းကျော်စွာ (၃၂)နှစ် (ဘ)ဦးခင်မောင်၊ မစန္ဒာထွန်း (၁၈)နှစ် (ဘ)စုံစမ်းဆဲ၊ မောင်အောင်ကျော်ဇော (ခ) အာကာဇွဲ အသက်(၁၁)နှစ် (ဘ)ဦးကျော်စွာတို့ သုံးဦးတို့သည် မူးဝေအော့အန်မှုများဖြစ်ကာ သေဆုံးပြီး ဦးအောင်နိုင်ဦးရဲ့သား အသက်(၁၈)နှစ်ရှိ ကိုရင် အရှင်ဝိစာရသည် ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကိုရင်တစ်ပါး အစာအဆိပ်သင့်လို့ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကာ အစာအဆိပ်သင့်သူတွေသည် ငွေတစ်ရာကျပ်တန် အမှတ်တံဆိပ်မပါ ပေါင်မုန့်အစာသွပ် ၅ ချပ်၊ အအေးနှစ်ဘူးတို့ကို သောက်သုံးပြီး မူးဝေအော့အန်ကာ သတိမေ့သွားတယ်လို့ ဓာတ်နန်းတာဝန်ခံ ဦးမိုးဟိန်းထံက သိရသည်။ ကုန်အမှတ်တံဆိပ်မပါသော အစာသွပ်မှုန့် ၅ ချပ်နှင့် Food Star အမှတ်တံဆိပ်ပါ အအေး ၂ ဘူးအား စားသောက်ခဲ့ရာမှ အထက်ပါကဲ့သို့ အစာအဆိပ်သင့်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းရသိရပြီး သေဆုံးသူများအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


