ဘဂ္ဂဒက် ၆ အောက်တိုဘာ
အီရတ်နိုင်ငံ တောင်ပိုင်းရှိ မြို့များနှင့် ဘဂ္ဂဒက်မြို့တွင် ကန့်ကွက်ဆန္ဒပြမှုများသည် ငါးရက်မြောက်နေ့သို့ ရောက်ရှိလာပြီး သေဆုံးသူ အရေအတွက်သည် စနေနေ့က ၉၃ ဦးအထိ ရောက်ရှိလာကြောင်း ပါလီမန် လူ့အခွင့်အရေးကော်မရှင်က ပြောကြားသည်။
အင်္ဂါနေ့က ဘဂ္ဂဒက်မြို့တော်မှ စတင်ဖြစ်ပွားခဲ့သည့် ပျံ့နှံ့နေသည့် အဂတိလိုက်စားမှု၊ ညံ့ဖျင်းသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ ကာလကြာရှည်အလုပ်လက်မဲ့ဖြစ်မှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများကြောင့် ယခုအချိန်အထိ ဒဏ်ရာရရှိသူပေါင်း ၄၀၀၀ ခန့်ရှိကြောင်း ကော်မရှင် က ပြောသည်။
ဘဂ္ဂဒက်မြို့တွင် စနေနေ့က ညမထွက်ရအမိန့် ရုပ်သိမ်းခဲ့သော်လည်း ဘာသာရေးခေါင်းဆောင် မွတ်တာဒါ ဆာဒါက အစိုးရနုတ်ထွက်ပေးရန် တောင်းဆိုသည့်အတွက် တင်းမာမှုများ ရှိနေဆဲဖြစ်သည်။
ယင်းဆန္ဒပြပွဲများသည် ပြောင်ပြောင်တင်းတင်း အဂတိလိုက်စားမှုကို အဆုံးသတ်ပေးရန်နှင့် အစိုးရ အပြောင်းအလဲပြုလုပ်ရန် တောင်းဆိုသည့် ကျယ်ပြန့်သည့် လှုပ်ရှားမှုအဖြစ်သို့ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
တိတိကျကျ မသိရသေး
ယခု နောက်ဆုံးသေဆုံးသူများမှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် သို့မဟုတ် စနေနေ့က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုကြောင့် ဖြစ်သည်ဆိုသည်ကို တိတိကျကျ မသိရသေးပေ။ အာဏာပိုင်များက အင်တာနက်ဆက်သွယ်ရေး ကွန်ရက်များ ပိတ်ထားသဖြင့် ပြည်နယ်များတွင် ဆန္ဒပြမှုများမှ သေဆုံးသူအရေအတွက် အတည်ပြုခြင်းကို ဖြည်းဖြည်းချင်း ဆောင်ရွက်နေရသည်ဟု ဆိုသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - အောင်ဇော်လင်း


