၇ အောက်တိုဘာ

 

 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်နှင့် အခြားမြို့ကြီးများတွင်  ဖြစ်ပွားနေသော ဆန္ဒပြပွဲများတွင် လုံခြုံရေးဝန်ထမ်းများ အပါအဝင် သေဆုံးသူ ၁၀၄ ဦး ဒဏ်ရာရသူပေါင်း ၆၀၀၀ ကျော်အထိ ရှိလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

လုံခြုံရေးဝန်ထမ်း ရှစ်ဦးအပါအဝင် သေဆုံးသူ ၁၀၄ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saad Maan က သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

အဆိုပါ အကြမ်းဖက် ဆန္ဒပြမှုများတွင် ဒဏ်ရာရရှိသူပေါင်း ၆၁၀၇ ဦး ရှိသည့်အနက် ၁၂၄၁ ဦးမှာ လုံခြုံရေးဝန်ထမ်းများဖြစ်ကြောင်း Saad Maan က ပြောကြားခဲ့သည်။

 

 

ယင်းအကြမ်းဖက် ဆန္ဒပြပွဲများတွင် လုံခြုံရေး ဝန်ထမ်းများနှင့် အရပ်သားများ၏ မော်တော်ကားစီးရေ  ၅၂ စီးကို ဖျက်ဆီးခဲ့ကြောင်း ၎င်းကထပ်လောင်းပြောဆိုခဲ့သည်။

 

 

NRT သတင်းဌာန၊ Dijlah သတင်းဌာန၊ ဆော်ဒီအခြေစိုက် al-Arabiya ရုပ်သံနှင့် al-Hadath ရုပ်သံတို့အပါအဝင် ပြည်ပမီဒီယာများနှင့် ပြည်တွင်း အစိုးရရုံးများသည် အမည်မသိ သေနတ်သမားများ၏ တိုက်ခိုက်ခြင်းကို ယမန်နေ့က ခံခဲ့ရကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားကာ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

 

 

နိုင်ငံရေးပါတီများ၏ ရုံးဌာန ရှစ်ခုကို ဒေါသထွက်နေသော ဆန္ဒပြသမားများက မီးရှို့ဖျက်ဆီးနေစဉ်အတွင်းမှာပင် လုံခြုံရေးဂိတ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

 

 

အလုပ်လက်မဲ့ဦးရေ တိုးပွားလာမှုနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ နိမ့်ကျလာခြင်းတို့ကြောင့် အီရတ်နိုင်ငံတွင် ပြီးခဲ့သည့် အင်္ဂါနေ့မှစတင်ကာ ဘဂ္ဂဒက်မြို့တော်နှင့် ပြည်နယ် အများအပြားတို့တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက်ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို