နေပြည်တော် ၇ အောက်တိုဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းအား နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ ရက်နှင့် ၃ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မလွဲတောင်စုပေါင်းစစ်ဆေးရေးစခန်းအနီး ရေး-ထားဝယ် ကားလမ်း မိုင်တိုင်အမှတ် (၈၁/၆)တွင် နီဆန်းဒီဇယ်(၁၂)ဘီးယာဉ်ပေါ်မှ ကညင်၊ ကဘန်၊ ကဒွတ် စုစုပေါင်း ၁၃ ဒသမ ၆၄၅၄ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်၌ စာတိုးကျေးရွာအရှေ့ဘက်နှစ်မိုင်ခန့်အကွာ ဒုဋ္ဌဝတီမြစ်ကမ်းဘေး တောင်ကိုင်းချောင်ဆိပ် နေရာမှ စက်လှေတစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသား ၄၄ ဒသမ ၅၀၁၆ တန်နှင့် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၂၀/၅) လမ်းအရှေ့ဘက်ခြမ်းမှ ပျဉ်းကတိုးခွဲသား ၇ ဒသမ ၁၂၅၈ တန်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


