နေပြည်တော်  ၇  အောက်တိုဘာ

 

ပဲခူးမြို့ ဥဿာမြို့သစ်၌ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးပြီး လိုက်လံဖမ်းဆီးစဉ် ရန်ပြုလာသည့်ယာဉ်အား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီးစဉ် စိတ်ကြွဆေး ၂၂ ပြားနှင့် ကျွန်းသစ်ခွဲသား ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပဲခူးမြို့ ဥဿာမြို့သစ် (၈)ရပ်ကွက် စက်မှုဇုန်အနီး၌ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ သီဟကျော်(ခ)ရှန်ပိန် မောင်းနှင်ပြီး အောင်မြတ်သူ လိုက်ပါလာသော MDY 5L/xxxx Forland ယာဉ်အား ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးရန်ရပ်တန့်ခိုင်းသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း အင်းတကော်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်သည် နောက်သို့ပြန်ကွေ့၍ ကားချင်းဝင်တိုက်ကာ ရန်ပြုသောကြောင့် ရဲတပ်ဖွဲ့ဝင်များက ကားဘီးအား သတိပေးပစ်ခတ် တားဆီးခဲ့သည်။

 

၎င်းယာဉ်သည် အင်းတကော်-ထုံးကြီးကားလမ်း မိုင်တိုင်(၆/ဝ)အနီး လမ်းဘေးလယ်ကွင်း အတွင်းသို့ရောက်ရှိရပ်တန့်ခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ သီဟကျော်(ခ)ရှန်ပိန်နှင့် အောင်မြတ်သူတို့  ၂ ဦး အား WY စိတ်ကြွဆေး ၂၂ ပြား၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃ တန်ခန့်၊ ဓားမြှောင် ၂ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အင်းတကော်နယ်မြေရဲစခန်း မယ(ပ)၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/ ၂၂(ခ)/၂၁ နှင့် (ပ)၂၆၃/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၃(က) တို့ဖြင့် အမှုရေးဖွင့်ထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်