၈ အောက်တိုဘာ
ဟောင်ကောင်က ဆန္ဒပြပွဲများမှာ လေးလကြာမြင့်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ မြေအောက်ရထားဘူတာရုံများနဲ့ တရုတ်ပြည်မကြီးနဲ့ ပတ်သတ်တဲ့ ဆိုင်များကို တိုက်ခိုက် ဖျက်ဆီးခြင်းများ လုပ်ဆောင်သလို လမ်းများပေါ်မှာ မီးရှို့ခြင်းနဲ့ ပိတ်ဆို့ခြင်း လုပ်ဆောင်တာကို တွေ့ရပါတယ်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ပြီးခဲ့တဲ့ သောကြာနေ့က နှစ်ပေါင်း ၅၀ ကျော် အသုံးမပြုခဲ့တဲ့ ကိုလိုနီခေတ်က အရေးပေါ် ဥပဒေဖြစ်တဲ့ မျက်နှာကို ဖုံးအုပ်ထားရင် ဖမ်းဆီးပြီး ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ဟောင်ကောင်ဒေါ်လာ ၂၅၀ဝ၀ ကျခံစေတဲ့ ဥပဒေကို ပြန်လည် အသက်သွင်းမယ်လို့ ပြောဆိုပြီးနောက်ပိုင်း အခုလို တိုက်ခိုက်ဖျက်ဆီးတဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာတာ ဖြစ်ပါတယ်။
စနေ၊ တနင်္ဂနွေက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ဒီကနေ့ သတင်းထောက်များနဲ့ တွေ့ဆုံရာတွင် ဟောင်ကောင်ပြဿနာကို သူဖြေရှင်းနိုင်သေးတယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမယ့် ဒီထက် အခြေအနေတွေက ဆိုးရွားလာလို့ ရွေးစရာမရှိတဲ့ အခြေအနေရောက်ရင် တရုတ်ပြည်မကြီးကို အကူအညီ တောင်းရနိုင်ကြောင်း ပြောသွားပါတယ်။
မျက်နှာဖုံး တပ်ဆင်ခြင်းကို တားမြစ်တဲ့ ဥပဒေကို ပြန်လည်အသက်သွင်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် ကယ်ရီလန်းဟာ ဝေဖန်ခံနေရပါတယ်။ ၂၀ဝ၃ ခုနှစ်က ဟောင်ကောင်မှာ ဆားရောဂါ ပြန့်ပွားခဲ့တဲ့အတွက် မျက်နှာဖုံး တပ်ဆင်ခြင်းဟာ ကျယ်ပြန့်လာပါတယ်။
တရားမဝင်တဲ့ လူစုလူဝေးမှာ ပါဝင်ခြင်းအတွက် တက္ကသိုလ် ကျောင်းသား တစ်ဦးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ကို မနေ့က တရားရုံးတစ်ရုံးမှာ ထာင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီတရားရုံးကို မျက်နှာဖုံး တပ်ထားသူတွေက တရားစီရင်ချက် ချမှတ်စဉ်မှာ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဦးစလုံး အာမခံဖြင့် လွှတ်မြောက်ခဲ့ပါတယ်။
အဲဒီမျက်နှာဖုံးအပ်ခြင်း ဥပဒေနဲ့ ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူးက ဥပဒေအသစ်တစ်ခု အပြည့်အဝ အသက်ဝင်ဖို့ဆိုရာမှာ အချိန်လိုအပ်ကြောင်း ပြောဆိုပါတယ်။
စနေနဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲ အတွင်းမှာ ဒဏ်ရာရရှိသူ ၁၃ ဦးရှိရာ ဆေးရုံမှာ ဆေးကုခံခဲ့ခြင်း၊ သုံးဦးက ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ၁၀ ဦးရဲ့ အခြေအနေမှာ တည်ငြိမ်ကြောင်း ဆေးရုံမှ တာဝန်ရှိသူက ပြောပါတယ်။
MDN
ကိုးကား- AFP


