၉ အောက်တိုဘာ
အာဖဂန်နိုင်ငံရှိ အကြမ်းဖက်သမားများ၏ အမာခံနယ်မြေ အင်အားနည်းစေရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံ ထောက်ခံအားပေးသော စစ်ဆင်ရေးတစ်ခုတွင် အာဖဂန်အစိုးရ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း အာဖဂန်အစိုးရ က ထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန်နိုင်ငံတောင်ပိုင်း ဟယ်လ်မန် ပြည်နယ်တွင် စက်တင်ဘာ ၂၃ ရက်နေ့က အာဆင်အိုမာ အသတ်ခံခဲ့ရကြောင်း အမျိုးသားလုံခြုံရေးဦးစီးဌာနက ပြောကြားခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
အာဆင်အိုမာ သည် တောင်အာရှ ရှိ အယ်လ်ကိုင်းဒါး ခေါင်းဆောင် ဖြစ်သည်။
အယ်လ်ကိုင်းဒါးခေါင်းဆောင် အာမင် အယ်လ်-ဇာဝါဟီရီ က ၎င်း၏ရာထူးကို အိုမာ ထံ ပေးအပ်ခဲ့သည်။
အယ်လ်ကိုင်းဒါး ခေါင်းဆောင်ဖြစ်ပြီးနောက်ပိုင်း အိုမာသည် အိနိ္ဒယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ၎င်းအုပ်စု၏ နိုင်ငံတကာလှုပ်ရှားမှုများ အားကောင်းလာခဲ့သည်ဟု ထင်မြင်ယူဆရသည်။
တာလီဘန်စစ်သွေးကြွအုပ်စု၏ အမာခံနယ်မြေတစ်ခုတွင် စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
အယ်လ်ကိုင်းဒါးကို ဦးဆောင်မည်ဟု ယူဆရသည့် အိုစမာဘင်လာဒင်၏ သားဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံက ပြီးခဲ့သည့် စက်တင်ဘာလက ကြေညာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


