ဂျကာတာ ၁၁ အောက်တိုဘာ

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဝီရန်တိုသည် ဓားဖြင့်တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေဒီပရာဆီတီယိုက ယနေ့ ပြောကြားသည်။

 

လုံခြုံရေးဝန်ကြီးသည် နိုင်ငံ၏အနောက်ဘက် ဘန်တင်ပြည်နယ် ပန်ဒီဂလန်ခရိုင် ပန်းခြံတစ်ခု၌ ဒေသခံပြည်သူများအား လက်ဆွဲနှုတ်ဆက်နေစဉ် အောက်တိုဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ဓားဖြင့် တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်သည်။

 

ဝန်ကြီးသည် ပြည်သူများနှင့် တွေ့ဆုံရန် ပြင်ဆင်နေစဉ် ယခုလို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဓားဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ ရှေ့ဘက် ခြမ်းတွင် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ခရိုင် ရဲမင်းကြီး အာဒရီယံတိုနှင့် အာဂျီဖွာလ်ဆိုသူ ဒေသခံတစ်ဦးတို့လည်း ယင်းတိုက်ခိုက်မှု၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး အိုင်အက်စ် အုပ်စုအား သစ္စာခံထားသည့် ဒေသတွင်း ဂျမား အာရှိုရုဒ်ဒေါင်လာ စစ်သွေးကြွအုပ်စုကို အဓိကထား စုံစမ်းသွားမည်ဖြစ်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ဒေသဆိုင်ရာ ရုပ်သံလွှင့်ဌာန၌ ပြောကြားသည်။

 

တိုက်ခိုက်မှု၌ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှုခံယူရန် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူများကို ထိန်းသိမ်းထားကာ ၎င်းတို့ကိုင်ဆောင်ခဲ့သည့် ဓားနှင့် ကတ်ကြေးကိုလည်း သိမ်းဆည်းထားသည်။

 

ဂျမားအာရှိုရုဒ်ဒေါင်လာအုပ်စု အဖွဲ့ဝင်များသည် အင်ဒိုနီးရှားနိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည့် စစ်သွေးကြွအုပ်စုဖြစ်သည်။ အဆိုပါ စစ်သွေးကြွအုပ်စုသည် ၂၀၁၈ ခုနှစ် မေလက အရှေ့ဂျာဗားနှင့် ရီအော်ပြည်နယ် များတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဂျကာတာမြို့လယ်ကောင်ရှိ စားသောက်ဆိုင်တစ်ဆိုင်နှင့် ရဲစခန်းတစ်ခု တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သဖြင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား -ဆင်ဟွာ

ဘာသာပြန် - ဂျေတီ