တိုကျို ၁၁ အောက်တိုဘာ

တိုင်ဖွန်းဟာဂီဘစ် ဂျပန်နိုင်ငံသို့ ချဉ်းကပ်လာလျက်ရှိသည့်အတွက် နိုင်ငံအတွင်းရှိ နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ အပါအဝင် ကမ္ဘာလှည့်ခရီးသွားများအား နောက်ဆုံးရ မုန်တိုင်းသတင်းများကို မျက်ခြည် မပြတ်စောင့်ကြည့်ရန် ဂျပန်အစိုးရက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

တိုင်ဖွန်း ဟာဂီဘစ်သည် ဂျပန်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် အစိုးရအဖွဲ့က ထုတ်ပြန်သော ရာသီဥတုဆိုင်ရာ သတင်းများကို အာရုံစူးစိုက်ကြရန် လိုအပ်ကြောင်း တရားရေးရာ ဝန်ကြီး ကတ်ဆုယုကီက အောက်တိုဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ထို့ပြင် တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာ ပြီဖြစ်သည့်အတွက် နီပွန်လေကြောင်း လိုင်းမှ တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်နှင့် နာရီတာလေဆိပ်များရှိ လေကြောင်းခရီးစဉ် ၃၇၀ ခန့်ကို ယာယီဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အခြားလေကြောင်း ကုမ္ပဏီများကလည်း ၎င်းတို့၏လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းရန် စီစဉ်လျက်ရှိသည်။ လေကြောင်း ခရီးစဉ်များနှင့်ပတ်သက်ပြီး သတင်းအချက် အလက်များကို လူမှုကွန်ရက်(သို့မဟုတ်) ၎င်းတို့၏ ဝက်ဘ်ဆိုက်များတွင် အဆက်မပြတ် စောင့်ကြည့်ကြရန် ခရီးသည်များအား တိုက်တွန်းပြောကြားခဲ့သည်။

 

ယခုအချိန်တွင် မုန်တိုင်း ဟာဂီဘစ်သည် အိုဂါဆာဝါရာကျွန်း၏ မြောက်ဘက်ပိုင်းသို့ တစ်နာရီလျှင် ၁၄၁ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျက်ရှိကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါမုန်တိုင်းသည် အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် နိုင်ငံ၏အရှေ့ ဘက်နှင့် အနောက်ဘက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိပြီး မိုးသည်းလေထန်မှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောကြား ခဲ့သည်။

 

မုန်တိုင်းတိုက်ခတ်မှုကြောင့် လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်မှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ဖွယ်ရှိသည့်အတွက် မုန်တိုင်းလမ်းကြောင်းရှိ ပြည်သူများအား သတိဖြင့်နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ခ်ျကေ
ဘာသာပြန်-အောင်ကျော်ကျော်