ဒါကာ ၁၁ အောက်တိုဘာ


ဘင်္ဂလားဒေ့ရှ်စီးပွားရေးပညာရှင်နှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက်ဒ်ယူနွတ်စ်သည် ၎င်းဦးဆောင်သည့် ကုမ္ပဏီမှ အလုပ်သမားများကို အလုပ်ထုတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး တရားရုံးသို့ လာရောက်ကြားနာရန် ပျက်ကွက်မှုကြောင့် ဖမ်းဆီးမိန့်ထုတ်ပြန်လိုက်ကြောင်း သက်ဆိုင်ရာအရာရှိများက အောက်တိုဘာ ၁၀ ရက်က ပြောကြားလိုက်သည်။


ဂရာမင်း ဆက်သွယ်ရေးကုမ္ပဏီ(ဂျီစီ)မှအလုပ်သမားများက အလုပ်သမားသမဂ္ဂတည်ထောင်၍ အလုပ်မှ ထုတ်ခံရ သည်ဆိုကာ မကျေမနပ် တိုင်တန်းလိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဒါကာတရားရုံးမှ တရားသူကြီးတစ်ဦးက အောက်တို ဘာ ၉ ရက်က အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း တရားရုံးစာရေး အမ်နူရက်ဇ်မင်းန်က အေအက်ဖ်ပီသို့ ပြောကြား လိုက်သည်။


ဂျီစီကုမ္ပဏီမှ ယူနွတ်စ်သည် နိုင်ငံခြားကို ရောက်နေသည့်အတွက် တရားရုံးမှ ကြားနာစစ်ဆေးသည့်အချိန်တွင် တရားရုံးသို့ မတက်ရောက်နိုင်ဘဲ ပျက်ကွက်ခဲ့ကြောင်း သိရသည်။ ၎င်းက တက်ရောက်ရန် ပျက်ကွက်ခဲ့သော်လည်း ထိုကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်နှင့် ထိပ်တန်းမန်နေဂျာတစ်ဦးတို့ လာရောက်ကြားနာခဲ့ပြီး အာမခံရယူခဲ့ကြောင်း တရားရုံးစာရေးက ပြောကြားခဲ့သည်။


ယူနွတ်စ်သည် တရားရုံးသို့ လာရောက်ကြားနာမှုပြုရန် ဆင့်ခေါ်စာ မရခင်ကတည်းကပင် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာ ခဲ့ကြောင်း၊ ၎င်းပြန်ရောက်လျှင်ရောက်ချင်း သင့်တော်သော အရေးယူဆောင်ရွက်မှုမျိုးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေ ကာဇီအာရှဒူအလမ်က အေအက်ဖ်ပီသို့ ပြောကြားလိုက်သည်။
ထို့အပြင် ယူနက်စ်သည် ဂရာမင်းဘဏ်ကိုလည်း ၎င်းနှင့်အတူ ၂၀၀၆ ခုနှစ်က နိုဘယ်ဆုရရှိခဲ့သူတစ်ဦးနှင့် တည်ထောင်ခဲ့ပြီး ကျေးလက်လုပ်ငန်းရှင်များအတွက် ချေးငွေကိုချေးပေးခဲ့သည်။ ယခုအခါ အဆိုပါဘဏ်ကို ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ခန့်အပ်ထားသည့် မန်နေဂျာများက တာဝန်ယူပြီး လုပ်ငန်းလည်ပတ်နေကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ၎င်းအား ဆင်းရဲသားများဆီမှ ကုပ်သွေးစုပ်နေသည်ဟု စွပ်စွဲ ပြစ်တင်ထားကြောင်းလည်း သိရသည်။ အေအက်ဖ်ပီ