ဒမတ်စကတ် ၁၁ အောက်တိုဘာ


ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ထားသည့် ဧရိယာများတွင် တူရကီက ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


တူရကီသမ္မတယီဆတ်တေယစ်အာဒိုဂန်က ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ကြောင်း အောက်တိုဘာ ၉ ရက်က တွစ်တာပေါ်တွင် ကြေညာလိုက်ပြီးနောက် မကြာမီ နယ်စပ်တစ်လျှောက်ရှိ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ တည်နေရာများကို ပစ်မှတ်ထားလျက် ဂျက်လေယာဉ် များနှင့် အမြောက်တပ်များဖြင့် စတင်တိုက်ခိုက်ခဲ့ရာ ထောင်နှင့်ချီသည့် အရပ်သားပြည်သူများ သည် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ရသည်။


ဆီးရီးယားရှိ ကာ့ဒ်ပြည်သူ့စစ်များအား တူရကီထိုးစစ်ဆင်မှုကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အကယ်၍ တူရကီက စစ်ဆင်ရေးဆောင်ရွက်မှုအတွင်း အတတ်နိုင်ဆုံး ညှာတာ ထောက်ထားခြင်းမရှိဘဲ ရက်စက်စွာ လုပ်ဆောင်ခဲ့ပါက တူရကီစီးပွားရေးကို ဖျက်ဆီးပစ်ရလိမ့် မည်ဟု ပြောကြားလိုက်သည်။


နယ်စပ်မှ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းကြောင်း သမ္မတထရမ့်က ကြေညာခဲ့ပြီးချိန်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ရာ ယင်းတိုက်ခိုက်မှုကို နိုင်ငံတကာ အသိုင်း အဝိုင်းက ဝေဖန်ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အရေးပေါ် အစည်းအဝေး တစ်ရပ်ပြုလုပ်ရန် စီစဉ်ခဲ့သည်။
အာရပ်လိဂ်အဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ကိုင်ရို၌ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် ဆော်ဩထားကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တူရကီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ပြီး နာရီ အနည်းငယ်အကြာတွင် ကာ့ဒ်အဖွဲ့ ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့မှ အဖွဲ့ဝင် ၁၆ ဦး သေဆုံးကြောင်း ဖော်ပြခဲ့သည်။

အေအက်ဖ်ပီ