နေပြည်တော် ၁၃ အောက်တိုဘာ

           

ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီတွင် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သီတာအနောက်လမ်းတွင် မော်တော် ဆိုင်ကယ်နှင့်တွေ့ရှိသူ ပြည့်စုံဝင်း(ခ)ဖိုးလပြည့်နှင့် မျိုးမြင့်လင်း(ခ)နက်ကျော်တို့အားရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေး ၁၁၇၁ ပြားနှင့် မြန်မာငွေကျပ် ၄၃,ဝ၀ဝ တို့ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အင်းတော်မြို့နယ်၊ နန့်မကျိုင်းကျေးရွာအနီး၊ ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် ကျိန်ချင်လင် မောင်းနှင်ပြီး အားနိုင်နှင့် ကျိန်ချမ်းလှိုင်တို့လိုက်ပါလာသည့် HILUX SURF အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ  ငွေကျပ်သိန်း ၆၂၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၄,၂၀ဝ နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကိုသိမ်းဆည်း ရမိသည်။

           

ထို့အတူယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဇလုပ်ကြီးကျေးရွာကူးတို့ဆိပ်အနီးတွင် စူရေကျန်း မောင်းနှင်ပြီး မိုသီကျန်းတို့လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ထို့အတူ မွန်းလွဲ ၃ နာရီတွင် မူးယစ် တပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင်ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် TOYOTA Caldina အမျိုးအစားမော်တော်ယာဉ်နှင့်တွေ့ရှိသူ ဆန်းလှိုင်နှင့် သူရဝင်းကြည်တို့အား ရှာဖွေရာ အိုက်စ် ၁ ကီလို၊ မြန်မာငွေကျပ် ၁၈,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ဆန်းလှိုင်၏နေအိမ်ကိုရှာဖွေရာ အိုက်စ် သုည ဒသမ ဝ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

           

အလားတူ ယင်းနေ့နံနက် ၈ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၄၁)၊ ရန်ကုန်(အရှေ့) မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းမကြီး၊ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဂိတ်(၁)အထွက်လမ်းပေါ်တွင်တွေ့ရှိသူ နန်းခက်ခက်ခိုင် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၉၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊  ထို့အတူ နံနက် ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းယောင်း မြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်ဖကျေးရွာအနီးတွင် မနာမူးတီ မောင်းနှင်ပြီး မနာပေါ်နဲ တို့လိုက်ပါလာသော မော်တော်ဆိုင်ကယ်နှင့်  ကျဖေ့(ခ)ကျလော မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မနာမူးတီးနှင့် မနာပေါ်နဲ တို့မော်တော်ဆိုင်ကယ်ကို ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၅၀,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)