နေပြည်တော် ၁၆ အောက်တိုဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် အောက်တိုဘာ ၈ ရက်မှ ၁၃ ရက်အထိ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်နှင့် ရခိုင်ပြည်နယ်အတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် နယ်မြေတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့နယ် ဝဲကြီးချောင်းအတွင်း၌ မော်တော်ယာဉ်တစ်စီးနှင့်အတူ တရားမဝင်တောင်သရက်ခွဲသား ၁၇ ဒသမ ၄၈၇၆ တန်ကိုလည်းကောင်း၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသား ၆ ဒသမ ၉၈၃၂ တန်ကိုလည်းကောင်း၊ သရက်ချောင်းမြို့နယ် ဝက်တိုးအိုင်ချောင်းအနီး၌ တရားမဝင်ပိတောက်ခွဲသား ၁ ဒသမ ၈၆၂၈ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မံမော်ကြိုးဝိုင်း(၅၀)အတွင်း၌ တရားမဝင်ကျွန်း ၁၄ ဒသမ ၅၆၉၆ တန်ကိုလည်းကောင်း၊ ဖောင်းပြင်မြို့နယ် နောင်းမနားကျေးရွာအနီး၌ တရားမဝင်သစ် ၂၇ ဒသမ ၆၆၅၀ တန်နှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီး၌ တရားမဝင်သစ် ၃ ဒသမ ၄၀၈ တန်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ သံတွဲမြို့နယ် သူဌေးချောင်းနံဘေးအနီး၌ တရားမဝင်သစ် ၄ ဒသမ ဝ၆ တန်ကိုလည်းကောင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ မုံရွာမြို့အဝင် တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးဂိတ်၌ တရားမဝင် သစ် ၃ ဒသမ ၃၁၂၈ တန်ကို ပြစ်မှုကျူးလွန်သူ တစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ကိုမျိုး


