ကလျာမိုးမြင့်
ဆီးရီးယားအရေးမှာ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒကို ၎င်းရဲ့ပါတီထဲက စီနီယာအကျဆုံး နိုင်ငံရေးသမားတွေက အပြင်းအထန် ပြစ်တင်ဝေဖန်လျက် ရှိပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ အတွေးအမြင် ဆောင်းပါးတစ်ခုမှာ မစ်ချ်ကော်နယ်လ်က ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်တဲ့ မစ္စတာထရမ့်က ဆီးရီးယားရှိ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းလိုက်ခြင်းနဲ့အတူ တူရကီရဲ့ စစ်ရေးအရ ကျူးကျော်လာခြင်းဟာ မဟာဗျူဟာမြောက်တဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်အတွက်အကျပ်အတည်း
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သမ္မတထရမ့်က တူရကီနဲ့ ဆီးရီးယာနယ်စပ် အခြေအနေဟာ အမေရိကန်ကို အကျပ်အတည်းတစ်ခု ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်က တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ကြားဝင်စေ့စပ်ပေးနေပေမယ့်လည်း အဆိုပါဒေသ အတွင်းမှာ တိုက်ပွဲတွေ မစဲနိုင်အောင် ဆက်လက်ဖြစ်ပွားနေပါတယ်။
စေ့စပ်ညှိနှိုင်းထားမှုအရ ကာ့ဒ်ပြည်သူ့စစ်တိုက်ခိုက်ရေးအဖွဲ့တွေ ဆီးရီးယားမြောက်ပိုင်းဧရိယာက နေထွက်ခွာသွားတဲ့ အချိန်အထိ တူရကီကငါးရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းထားဖို့ သဘောတူခဲ့ပါတယ်။ သမ္မတထရမ့်က နယ်စပ်မှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရပ်ဆိုင်းလိုက်ချိန်ကစပြီး တူရကီတပ်ဖွဲ့တွေဟာ ဆီးရီးယား မြောက်ပိုင်းကို စစ်ရေးကျူးကျော်မှုစလုပ်လာတာ ဖြစ်တဲ့အတွက် အမေရိကန်ဟာဒီကိစ္စမှာ တာဝန်မကင်းတဲ့သူအဖြစ် ရှုမြင်ခံနေရဆဲ ဖြစ်ပါတယ်။
မျိုးနွယ်စုရှင်းလင်းရေးဆီ ဦးတည်လာနိုင်
ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ကို အကြမ်းဖက်အုပ်စုလို့ သတ်မှတ်ထားတဲ့ တူရကီဟာကာ့ဒ်တိုက်ခိုက် ရေးသမားတွေကိုဖိနှိပ်ဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်သလို သမ္မတအာဒိုဂန်က လက်ရှိတူရကီမှာ ရောက်ရှိနေတဲ့ ဆီးရီးယားဒုက္ခသည် နှစ်သန်းကျော်ကို ပြန်လည် နေရာချထားပေးနိုင်ဖို့အတွက် ဆီးရီးယားမြောက်ပိုင်းမှာ ဘေးကင်းဇုန်တစ်ခုကို အသည်းအသန် ထူထောင်ချင်နေပါတယ်။
တူရကီရဲ့ ထိုးစစ်စတင်ခဲ့ချိန်ကစပြီး အဆိုပါဧရိယာတွေက ပြည်သူ ၁၆၀ဝ၀ဝ ကနေ ၃၀ဝ၀ဝ၀ အထိဟာ ၎င်းတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေကြရပြီး တူရကီရဲ့ စစ်ဆင်ရေးကြောင့် ဒေသရှိကာ့ဒ် မျိုးနွယ်စုအဖွဲ့အစည်းအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုဆီ ဦးတည်လာစေမှာကို အကြီးအကျယ် စိုးရွံ့နေကြရပါတယ်။
တူရကီက စစ်ရေးကျူးကျော်မှု စတင်လာတဲ့ အောက်တိုဘာ ၉ ရက်ကစပြီး တူရကီနဲ့ ၎င်းရဲ့မဟာမိတ် တပ်တွေဟာ စစ်ရာဇဝတ်မှု တွေ ကျူးလွန်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်နေကြရပါတယ်။ တူရကီဟာ ဆီးရီးယားမှာ ဓာတုလက်နက်တစ်ခုအနေနဲ့ အဖြူရောင်ဖော့ စဖောရပ်ကို သုံးနေတယ်လို့ သတင်းရင်းမြစ်အချို့က ဖော်ပြနေကြတာတွေလည်း ရှိပါတယ်။
မစ်ချ်မက်ကော်နယ် ပြောစကား
ဝါရှင်တန်ပို့စ် သတင်းစာမှာပါရှိတဲ့ အတွေးအမြင်မှာ သမ္မတထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ ထဲမှာ စီနီယာအကျဆုံးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မက်ကော်နယ်က အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမှုကို သေကြောင်းကြံတဲ့ အမှားတစ်ခုလိုမျိုး စကားလုံးတွေနဲ့ ဝေဖန်ထိုးနှက်ထားတာပါ။ အမေရိကန်တပ်ဖွဲ့ရဲ့ နောက်ဆုတ်မှုနဲ့ တူရကီရဲ့ စစ်ရေးကျူးကျော်မှုဟာ ကျွန်ုပ်တို့အတွက် မဟာဗျူဟာမြောက်တဲ့ အိပ်မက်ဆိုးတစ်ခုလိုမျိုး ဖန်တီးနေတယ်လို့ ၎င်းက ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့အီရန်လွှမ်းမိုးလာနိုင်
အပစ်အခတ် ရပ်စဲမှုကို ဆက်လက်ထိန်းထားခဲ့မယ်ဆိုရင်တောင်မှ တူရကီရဲ့ထိုးစစ်ဆင်မှုနဲ့ အမေရိကန်ရဲ့ တပ်ဆုတ်မှုဟာ အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွအဖွဲ့ကို ဝါရှင်တန်က သုတ်သင်ချေမှုန်းမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီလို့ ၎င်းက ထောက်ပြထားပါတယ်။ ဒါတင်မကသေးဘဲ အမေရိကန်ရဲ့ ဆုတ်ခွာမှုဟာဒေသအတွင်းမှာ ရုရှားနဲ့ အီရန်တို့ လွှမ်းမိုးလာစေဖို့ပါ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်ဦးမယ်လို့ မက်ကော်နယ်က ဝေဖန်ခဲ့ပါတယ်။
မက်ကော်နယ်က ၎င်းပြောတဲ့ အကြောင်းအရာတွေထဲမှာ သမ္မတဒေါ်နယ်ထရမ့်ကို နာမည်တပ်ဖော် ပြထားခြင်းတော့မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သမ္မတထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာ ပြဿနာအကြီးကြီး ဖြစ်နေတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒါက ကျွန်ုပ်တို့ရဲ့နယ်စပ် မဟုတ်ဘူး။ ဒီအတွက်နဲ့ ကျွန်ုပ်တို့ရဲ့ အသက်တွေကို မစတေးသင့်ဘူး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘေးကင်းဇုန်
မစ္စတာ မက်ကော်နယ်ဟာ ဆီးရီးယားအရေးကိစ္စမှာ သမ္မတထရမ့်အပေါ် ဝေဖန်တဲ့ နောက်ဆုံး ရီပတ်ဘလစ်ကန် အဖွဲ့ဝင်တစ်ဦးပါ။ ဆီးနိတ်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်ဟာ ဆိုရင်လည်းပဲ သမ္မတထရမ့်နဲ့ အင်မတန် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေ ဖြစ်ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ အစိုးရရဲ့အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူ တစ်ယောက်ပါပဲ။ ကာ့ဒ်ပြည်သူ့စစ် အဖွဲ့အတွက် ကြားနေဇုန်တစ်ခု ထူထောင်တဲ့ကိစ္စဟာ လက်သင့်ခံနိုင်ဖွယ်ရာဖြစ်ပေမယ့် လူတွေကို ရာထောင်ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်စေတဲ့ စစ်ရေးကျူးကျော်မှုတစ်ခုကတော့ဖြင့် ဘေးကင်းဇုန်တစ်ခု ဖြစ်စရာအကြောင်း မရှိဘူးလို့ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့နဲ့ စကားပြောဆိုခဲ့ပြီးနောက်မှာ မစ္စတာ ဂရေဟမ်က ထုတ်ဖော်ပြောကြားခဲ့တာပါ။
မြေပြင်အခြေအနေ
ကာ့ဒ်ပြည်သူ့စစ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မူစတာဖာ ဘာလီက တူရကီ ဟာရက်အယ်လ် အင်နယ်စပ်မြို့အနီးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်နေတယ်လို့ တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေရပ်စဲဖို့ သဘောတူထားပေမယ့်လည်း အရပ်သားတွေ၊ ဆေးရုံတွေနဲ့ ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို လုပ်ဆောင်နေတုန်းပဲလို့ ၎င်းက ရေးသားထားတာ ဖြစ်ပါတယ်။
သမ္မတငြင်းဆန်
အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုတဲ့အချက်ကို တူရကီသမ္မတက လက်မခံခဲ့ဘဲ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သောကြာနေ့ နံနက်ပိုင်းမှာ ရက်စ်အယ်လ်အင်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်ထားပါတယ်။
တကယ်တမ်းတော့ ရက်စ်အယ်လ်အင်နဲ့ ဆယ်လ်အက်ဘရက်တို့အကြား ဧရိယာအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့ ကာ့ဒ်ပြည်သူ့စစ်အဖွဲ့က သဘောတူညီ ထားတာပါ။ ဒီဧရိယာဟာ တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံးနေရာမို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း တခြားဧရိယာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာ မရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က တူရကီသမ္မတရီဆက်တေရစ်အာဒိုဂန်နဲ့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်တို့အကြား စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ တူရကီက အပစ်အခတ် ရပ်စဲကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကို နာရီပေါင်း ၁၂၀ သို့မဟုတ် ငါးရက်ကြာရပ်ဆိုင်းထားဖို့ သဘောတူခဲ့တာဖြစ်ပြီးနယ် စပ်တစ်လျှောက် တူရကီရဲ့ ဘေးကင်းဇုန်ကနေ ကာ့ဒ်ပြည်သူ့စစ် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားကြဖို့ အမေရိကန်က အကူအညီပေးရမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာခြင်း ဖြစ်ပါတယ်။ ။
ကိုးကား-ဘီဘီစီ


