ကဘူးလ် ၁၉ အောက်တိုဘာ
အာဖဂန်နစ္စတန်နိုင်ငံရှိ ဘာသာရေးဆိုင်ရာအဆောက်အအုံ တစ်ခုတွင် အောက်တိုဘာ ၁၈ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၆၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အရှေ့ပိုင်းနန်ဂါဟာ ပြည်နယ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အဆောက်အအုံ၏အမိုး ပျက်စီးသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။
မည်သည့်အဖွဲ့၏လက်ချက်ဖြစ်သည်ကိုမူ မသိရသေးပေ။ ကုလသမဂ္ဂမှ ယခုနှစ်နွေရာသီအတွင်း စစ်ဘေးဒဏ်ခံ အာဖဂန် နစ္စတန်နိုင်ငံတွင် သေဆုံးသူ အရပ်သားအရေအတွက်မှာ မကြုံစဖူး များပြားလှသည်ဟု ကြေညာခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ယခုလိုပေါက်ကွဲမှုဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း အရပ်သား သေဆုံးသူ ၁၁၇၄ ဦးခန့်ရှိခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခု စာမှစတင်ကာ ကုလသမဂ္ဂမှ ကောက်ယူခဲ့သည့်စာရင်း များတွင် ယခုတစ်ကြိမ်သည် အများဆုံးဖြစ်သည်။
ပြည်နယ်မှပြောရေးဆိုခွင့်ရှိသူ အတူလာ ခိုဂျန်နီက အောက်တိုဘာ ၁၈ ရက် ဘာသာရေးအဆောက်အအုံ တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၆၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၂ ဦးရှိကြောင်း၊ ၎င်းတို့အားလုံးမှာ လာရောက်ဝတ်ပြု သူများဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့သည့်မြို့မှာ ပြည်နယ်မြို့တော်ဂျလာလာဘတ်နှင့် ၅၀ ကီလိုမီတာခန့်အကွာရှိ ဟတ်ဆာမီနာမြို့ဖြစ်သည်။
တာလီဘန်များကမူ ယခုပေါက်ကွဲမှု၏လက်သည် တရားခံမှာ ၎င်းတို့မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါ ဒေသတွင် တာလီဘန်များနှင့် အိုင်အက်စ်စစ်သွေးကြွများ ကျက်စားရာနေရာဖြစ်သည်။ အစိုးရကိုဆန့်ကျင်သည့် အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၁၉ နှစ်ဦးပိုင်းမှ စတင်ကာ အရပ်သားသေဆုံးမှု မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးသေဆုံးမှုမှာ ၄၁ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂ အချက်အလက်များအရ သိရသည်။
ဘီဘီစီ


