နေပြည်တော် ၂၀ အောက်တိုဘာ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့သည်။
မိုးရွာသွန်းမှုအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ- မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အောက်တိုဘာလ (ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ကာ၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် တို့ထက်ပိုခဲ့သည်။
မိုးရွာရက်များ
စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက်နှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၃)ရက်မှ (၄)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့သည်။
အမြင့်ဆုံးအပူချိန်အခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန် ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက် အထိနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၆) ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့သည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်) အခြေအနေများမှာ− စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အောက်တိုဘာလ (ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ လျော့နည်းခဲ့ကာ၊ မကွေးတိုင်းဒေသကြီးတွင် အောက်တိုဘာလ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် (၅)ဒီဂရီဖာရင်ဟိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၁) ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့သည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- ချင်းပြည်နယ်တွင် (၉၃%)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် (၈၀%)မှ (၈၆%)အတွင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် (၇၀%)မှ (၇၇%)အတွင်း အသီးသီးရှိခဲ့သည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- ချင်းပြည်နယ်တွင် (၁၇ မီလီမီတာ)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၂၆ မီလီမီတာ)မှ (၃၃ မီလီမီတာ) အတွင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၄ မီလီမီတာ)မှ (၄၄ မီလီမီတာ)အတွင်း အသီးသီးရှိခဲ့သည်။
(ဖြစ်နိုင်စွမ်း ပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)
မြေဆီလွှာအောင်းရေအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (ခြောက်သွေ့)အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (စိုစွတ်)အခြေအနေနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ အသီးသီးရှိခဲ့သည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(တတိယ)(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်သည်။
မိုးအခြေအနေ
မိုးရွာသွန်းမှုအခြေအနေမှာ -ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချူန်း ရွာနိုင်သည်။
မိုးရွာရက်
မိုးရွာရက်အနေဖြင့်- နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချူန်း ရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
MDN


