ကြို့ပင်ကောက် ၂၁ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ပန်းတင်ရပ်ကွက် ပန်းတင်(၂)လမ်းနေ ဦးကြည်လွင် ကျန်းမာရေးမှူး(ငြိမ်း)၏ နေအိမ်တွင် ယနေ့ နံနက် ၁ နာရီ အချိန်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရပ်ကွက်သူ/ရပ်ကွက်သား များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြသည်။
မီးလောင်ရာတွင်ပါဝင်သည့် ဦးကြည်လွင်ပိုင်ဆိုင်သော ရွှေထည်လက်ကောက် (၇)ကွင်း၊ လက်စွပ်(၅)ကွင်း၊ ဆွဲကြိုး(၁)ကုံး၊ နားကပ်(၁)ရံနှင့် ဆွဲသီး(၁)လုံးတို့အား ပိုင်ရှင်နှင့်အတူ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်ရှာဖွေ၍ ပြန်လည်အပ်နှံနိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ရဲကျော်စွာရဲလင်းအောင်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


