ပေါင်  ၂၁ အောက်တိုဘာ

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ ဆယ်အိမ်စုအကွက်(၁၂)တွင် အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီကျော်ခန့်က ၈ တန်းကျောင်းသူတစ်ဦး ဖယောင်းတိုင်မီးဖြင့် စာကျက်နေစဉ် အိပ်ငိုက်သွားရာမှ တစ်ဆင့် နေအိမ် ၆ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

“ ၈ တန်းကျောင်းသူကလေးမက ဖယောင်းတိုင်မီးနဲ့ စာကျက်နေရင်း အိမ်ငိုက်သွားရာကနေ အိမ် နံရံကို ကူးသွားတယ်၊ ဖြစ်ချင်တော့ အိမ်နံရံကလည်း ရေနံချေးအသစ်သုတ်ထားတာဆိုတော့ ပိုမြန်သွားတယ်၊ စလောင်တော့လည်း သူတို့အိမ်ကလူတွေ ကြိတ်ပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တယ်၊ အဲဒါမနိုင်တော့ မီးကပိုများလာတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကအိမ်တွေ မီးကူးနေပြီး လူတွေတွေ့တော့ မီးသတ်ကို အကြောင်းကြားလိုက်တယ်၊ မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဝိုင်းဝန်းငြိမ်းသတ်လိုက်တာ ည ၁၁ နာရီ ၅၀ မိနစ်လောက်မှာ မီးညွန့်ကို ထိန်းနိုင်ခဲ့တယ်၊ နေအိမ် ၆ လုံး လောင်ကျွမ်းသွားတယ်။ ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၆ လုံး၊ ဆိတ် ၇ ကောင် မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။နေအိမ်မီးလောင်ကျွမ်းခဲ့သည့် မိသားစုဝင်များကို ယင်းတို့၏နီးစပ်ရာ ဆွေမျိုးအိမ် များသို့ နေရာချပေးထားကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် က ပြောသည်။

 

 

 ကိုဟိန်း(ပေါင်)