ရန်ကုန် ၂၁ အောက်တိုဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ လှော်ကားလမ်းမကြီး ဘေးတွင် ပိုင်ရှင်ဖြစ်သူ ဦးချစ်ကိုကို ပိုင်ဆိုင်ပြီး ဦးဇော်လင်း (၅၃)နှစ်မှ ငှားရမ်းထားသည့် သစ်အဟောင်းဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသော နေအိမ်တွင် အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန်၌တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၁၁ နာရီ ၁၄ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးစတင်လောင်ကျွမ်းသည့်အိမ် ညာဘက်ရှိ ရွှေစင်ဖြိုးသွားဆေးခန်း ဖွင့်လှစ်ထားသော (၁၅×၃၀)ပေအကျယ် အုတ်ညှပ်(၂)ထပ်တိုက်၏ အနောက် ဘက်ခြမ်းနှင့် ဘယ်ဘက်ရှိ FL9ဘီယာဆိုင်ဖွင့်လှစ်ထားသော နေအိမ်(၁၈×၄၀)အကျယ်ရှိ အုတ်ညှပ်နှစ်ထပ်တိုက် နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ကျွမ်းရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းမင်းလတ်တို့မှ မီးငြိမ်းသတ်နိုင်ရန် အနီးကပ်ကြီးကြပ်ခဲ့ပြီး မီးသတ်အင်အား (၂၉၂)ဦး၊အရန်(၁၀ဝ)၊မီးငြိမ်းသတ်ယာဉ် (၂၇)စီး၊ ရေသယ်ယာဉ်(၈)စီး၊ အုပ်ချုပ်မှုယာဉ်(၉)စီးစီး၊ အထောက်အကူပြုယာဉ်(၂)စီးဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ပြန်/ဆက်)


