ခင်ဦး အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့တွင် အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီက ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုယက်သူနှစ်ဦးကို အခင်းဖြစ်ပြီး အချိန် (၂)နာရီအတွင်း ဖမ်းဆီးရမိခဲ့ ကြောင်း ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်မောင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့တွင် အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီက ခင်ဦးမြို့ မြနန္ဒာရပ်နေ တရားလိုဖြစ်သူ ဒေါ်တင်မာလေးသည် မခင်အေးဝင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ခင်ဦး-ရေဦး ကားလမ်း အတိုင်း ခင်ဦးမြို့မှ ရေဦးမြို့သို့ သွားရောက်စဉ် ခင်ဦးမြို့နယ် ကံသစ်တံတား အကျော်တွင် အမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့်နောက်မှ ရောက်ရှိလာပြီး ဒေါ်တင်မာလေး ကိုင်ဆောင်ထားသည့် နီညိုရောင် ပိုက်ဆံအိတ်အား လုယက်ထွက်ပြေးသွားသဖြင့် လုယက်ထွက်ပြေးသူ အမျိုးသားနှစ်ဦးအား အရေးယူပေးပါရန် တိုင်တန်းသောအမှုဖြစ်သည်။
လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ ခင်ဦးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင် ဦးစီးသော နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ချက်ချင်းလိုက်လံရှာဖွေခဲ့ရာ ခင်ဦးမြို့နယ် သာဂရ ကျေးရွာအနီးတွင် ကျော်သူဝင်း (၂၅)နှစ်နှင့် ဆန်းလင်းကို (၁၆) နှစ် ငှက်ပျောရွာကျေးရွာ ခင်ဦးမြို့နယ် နေသူတို့နှစ်ဦး အား နံပါတ်မပါ CZI SUNBO -125 အပြာရောင်ဆိုင်ကယ်နှင့် ၎င်းတို့ လုယက်သွားသည့် နီညိုရောင်ပိုက်ဆံအိတ်နှင့် အိတ်အတွင်းမှ ငွေစက္ကူ ၈၆၀ဝ၀ ကျပ် တမတ်သား ခန့်ရှိရွှေ လက်ကောက်(၂)ကွင်း၊ ငါးမူးသားခန့်ရှိ MC အမျိုးအစားရွှေဆွဲကြိုး(၁) ကုံး ဒေါ်တင်မာလေး၏ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုနှင့် e - pension card တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆိုင်ကယ်နှင့်ပိုက်ဆံအိတ်လုယက်သူများဖြစ် သည့် ကျော်သူဝင်း ၂၅ နှစ် နှင့်ဆန်းလင်းကို ၁၆ နှစ်တို့ နှစ်ဦးအား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)


