နေပြည်တော် ၂၂ အောက်တိုဘာ
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ အလှူခံပုံးအတွင်းမှ ငွေများခိုးယူသူ ၂ ဦးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဥပ္ပါတသန္တိစေတီတော်၌ အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီက ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ အမျိုးသား(၂)ဦးမှာ စေတီတော်ရင်ပြင်ပေါ်သို့ တက်သွားကြောင်းသတင်းအရ လိုက်လံရှာဖွေရာ ဇေယျာသီရိမြို့နယ်၊ သဲကုန်းရပ်ကွက်နေ မျိုးမင်းအေးနှင့် တစ်ရပ်ကွက်တည်းနေ ဟန်မိုးထွန်းတို့(၂)ဦးမှာ အနောက်ဘက်မုခ် ကကုသန်ဘုရားပလ္လင်ရှေ့ရှိ အလှူခံမှန်ပုံးအား စူးချွန်ဖြင့်ဖွင့်၍ အလှူငွေများ ခိုးယူနေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ (၂) ဦးထံမှ ငွေကျပ် ၁၆၇,၈၅၀၊ ကတ်ကြေး ၁ လက်၊ စတီးစူးချွန် ၁ ချောင်း၊ ဝက်အူလှည့် ၂ ချောင်း၊ ပြောက်ကျားခါးချိတ်အိတ် ၁ လုံး၊ လွယ်အိတ် ၁ လုံး၊ မျက်နှာဖုံးအုပ်ရန် ပြုလုပ်ထားသည့် ကတ္တီပါစ ၂ ခုတို့အား သိမ်းဆည်းရမိခဲ့သောကြောင့် မျိုးမင်းအေးနှင့် ဟန်မိုးထွန်းတို့(၂)ဦးအား ပတ္တာနယ်မြေရဲစခန်း(ပ)၁၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


