၂၃ အောက်တိုဘာ

ဘရာဇီးနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကမ်းရိုးတမ်းရှိ ကမ်းခြေပေါင်း ၁၃၀ ကျော်မှာ တင်ကျန်ရစ်တဲ့ ရေနံတွေကို ဒေသခံတွေ၊ လုပ်အားပေးတွေနဲ့ ဝန်ထမ်းတွေက စက်တင်ဘာလကတည်းက စတင်ရှင်းလင်းနေရာ အခုချိန်မှာ ကီလိုမီတာ ၂ဝ၀ဝ ကျော်ကို ဆက်လက်ရှင်းလင်းရန် လိုအပ်နေသေးတာကို တွေ့ရပါတယ်။

အခုဖြစ်စဉ်ဟာ ဘရာဇီးဒေသတဝိုက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုးအဝါးဆုံးဖြစ်ပြီး အဲဒီဒေသရှိ လူကြိုက်များတဲ့ ကမ်းခြေတွေအပေါ်မှာပါ  အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရာ လက်ရှိအချိန်အထိ ပင်လယ်လိပ် ၁၅ ကောင် နဲ့ ပင်လယ်ပျော် ငှက်တွေနဲ့ ငါးတွေပါ သေဆုံးနေတာကို တွေ့ရှိပြီးကြောင်း သဘာဝပတ်ဝန်းကျင်အေဂျင်စီ Ibama က ပြောပါတယ်။

အခုတွေရှိရတဲ့ ရေနံတွေက ဘယ်ကနေရောက်ရှိလာတာမှန်း မသိကြောင်း၊ ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုဖြစ်ကြောင်း ဘရာဇီးသမ္မတ ဂျာအဲဘိုဆိုနာရို က ပြောကြားပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပင်လယ်ပြင်တွင် ဖိတ်စင်နေတဲ့ ရေနံတွေကို ရှင်းလင်းနေတဲ့ လုပ်အားပေးတွေရဲ့ ရေနံတွေ ပေကျံနေတဲ့ လက်အိတ်တွေ၊ သဲတွေကို ပလပ်စတစ်အိတ်တွေထဲထည့်နေတဲ့ ဗီဒီယိုတွေတင်ခဲ့တာကို တွေ့ရပါတယ်။  ဘရာဇီးသမ္မတက ပြီးခဲ့တဲ့သောကြာနေ့က သူ့ရဲ့ ဖေ့ဘွတ်အကောင့်ကနေ လိုက်ဖ်လွင့်ပြီး အခုကိစ္စနဲ့ပတ်သတ်ပြီးရှင်းပြရာ ကာကွယ်ရေးဝန်ကြီး နဲ့ ရေတပ်အရာရှိများက သမ္မတဘေးမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။ သမ္မတက သူတို့အနေ ပင်လယ်ပြင်နဲ့ အဝေးမှာ ရှိတဲ့ သင်္ဘောတစ်စင်းက ရေနံတွေဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ရေနံတွေကို ရှင်းလင်းရန် စစ်သား ၅,ဝ၀ဝကျော်ကို စေလွှတ်ခဲ့ကြောင်း ဒုတိယသမ္မတက ပြောပါတယ်။

လုပ်အားပေးတွေက စုစည်းပြီး ကမ်းခြေတွေကို ရှင်းလင်းရန် ဆိုရှယ်မီဒီယာ အင်စတီဂရမ်ပေါ်မှာ ကမ်းခြေစောင့်များ အဖွဲ့ဖွဲ့စည်းရာ လူပေါင်း နှစ်သိန်းပါး အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၄၈၀ဝ ရရှိရာ  လက်အိတ်တွေ၊ တောစီးဘိနပ်အရှည် နဲ့ မျက်နှာဖုံးများဝယ်ရန် အသုံးပြုမယ်လို့ သိရပါတယ်။

MDN