ဝါရှင်တန် ၂၄ အောက်တိုဘာ
၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဖေ့စ်ဘွတ်ကိုအသုံးချကာ ကြိုးကိုင်ခြယ်လှယ်မှုများကို ကာကွယ်ဟန့်တားသွားမည်ဖြစ်ကြောင်း ယမန်နေ့က ဖေ့စ်ဘွတ်ကုမ္ပဏီက ပြောကြားလိုက်သည်။
ဖေ့စ်ဘွတ်ပေါ်တွင်ခိုင်လုံမှုမရှိသည့် အပြုအမှု၊ သတင်းဖော်ပြမှုများကို ဖျက်ပစ်ရန် ကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ်ကတည်းကစကာ နှစ်နှင့်ချီပြုစုခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ဖေ့စ်ဘွတ်ကြေညာချက်တွင် ဖော်ပြထားသည်။
ခိုင်လုံမှုမရှိဆိုသည့်အဓိပ္ပာယ်တွင် စည်းလုံးလှုပ်ရှားမှု နောက်ကွယ်ရှိ အဖွဲ့အစည်း၏နာမည်နှင့် ဘယ်သူဘယ်ဝါ ဖြစ်သည်ဆိုသည်ကို ဖုံးကွယ်ပြီး လှည့်ဖြားဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်က အဓိပ္ပာယ် သတ်မှတ်ထားသည်။
အမေရိကန် မဲဆန္ဒရှင်ကြားတွင် အချင်းချင်း မညီမညွတ်ဖြစ်အောင် သဘောထားကွဲလွဲစေသည့် သတင်းများ၊ မှားယွင်းသည့် အချက်အလက်များကို ပျံ့နှံစေရန် ဖေ့စ်ဘွတ်နှင့် အခြားဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အသုံးပြုမှုများရှိခဲ့သည်ဟု အမေရိကန်က ဆိုသည်။
ယမန်နေ့က ထုတ်ပြန်လိုက်သော ဖေ့စ်ဘွတ်၏ ကြေညာချက်တွင် အစိုးရထောက်ပံ့မှုနှင့် ဆက်နွှယ်နေသည့် အင်စတာဂရမ်၊ ဖေ့စ်ဘွတ်စာမျက်နှာများတွင် အဖွဲ့အစည်းစာမျက်နှာ စုစုပေါင်းလေးခုတွင် ခိုင်မာမှုမရှိသည့် အပြုအမူကို တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ သုံးခုသည် အီရန်နှင့် ဆက်စပ်နေပြီး တခြားတစ်ခုသည့် တခြားနိုင်ငံတစ်ခုနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။
အေအက်ဖ်ပီ


