ထရီပိုလီ ၂၇ အောက်တိုဘာ
လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထောက်အကူပြုရေးလုပ်ငန်းအဖွဲ့ (UNSMIL) က လစ်ဗျားနိုင်ငံတွင် ဆေးဝန်ထမ်းနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကို အောက်တိုဘာ ၂၅ ရက်တွင် ရှုတ်ချခဲ့ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံတွင် အရှေ့ပိုင်း အခြေစိုက်တပ်များနှင့် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်များကြား တိုက်ပွဲများအရှိန်ပြင်းထန်လျက်ရှိသည်။ ဆေးဝန်ထမ်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရပ်သား များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ အား UNSMIL က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကျန်းမာရေးလုပ်သားများနှင့်ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှုမှာ ၅၈ ကြိမ်ထက်မနည်းရှိကြောင်း ကုလသဂ္ဂ အချက်အလက်များအရ သိရသည်။
အရပ်သားများနှင့် အများပြည်သူပိုင်အဆောက်အအုံများကိုတိုက်ခိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း UNSMIL က သတိပေးထားသည်။ ယခုသီတင်းပတ်အတွင်း ထရီပိုလီတောင်ပိုင်းရှိ ဆေးရုံနှစ်ရုံအတိုက်ခံရ၍ ဆေးဘက်အကူတစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း လစ်ဗျားကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို တိုက်ခိုက်ခြင်းမပြုရန် သတိပေးထားသော်လည်း ထရီပိုလီတွင် ယခင်ကလည်း ဆေးဘက်ဝန်ထမ်းများ တိုက်ခိုက်ခံရလေ့ရှိသည်။
ဆင်ဟွာ


