မြိတ်  ၂၇   အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ် စု၊ မစမ်းပါးကျေးရွာ၌ အောက်တိုဘာ ၂၆ ရက်နေ့ ည ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က ဖယောင်းတိုင်မီးဖြင့် ဓာတ်ဆီ လဲလှယ်ထည့်ရာမှ တစ်ဆင့်လူနေအိမ်တစ်လုံးမီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာနေ ဒေါ်စန်းအေးသည် အောက်တိုဘာ ၂၆ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ၎င်း၏ခင်ပွန်းဖြစ်သူ  ဦးတင်လှ မှာပင်လယ်ပြင်သို့ ငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်နေသဖြင့် ဇနီးဖြစ်သူမှာ နေအိမ် အနောက်ခန်းအတွင်း ရှိငါးဂါလန်ဆန့် ဓာတ်ဆီပုံးထဲမှဓာတ်ဆီအား ပုလင်းထဲသို့ လဲလှယ်ထည့်နေစဉ် အသက်(၅)နှစ်အရွယ်ခန့်ရှိ ၎င်း၏ သားဖြစ်သူ မောင်ရဲတိုး ကို ဖယောင်းတိုင်တစ်တိုင်အား မီးထွန်းလျက် ယူဆောင်လာရန် ပြောလိုက်ရာ ၎င်း၏ သားဖြစ်သူ မောင်ရဲတိုးက ဖယောင်းတိုင် မီးထွန်းလျှက်ကိုင်ဆောင်လာကာ နေအိမ်အနောက်ခန်းအတွင်းသို့ ဝင်ရောက်လာရာ ခလုတ်တိုက်မိပြီး ဓာတ်ဆီပုံးပေါ်သို့ ဖယောင်းတိုင်လွတ်ကျရာမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုကို အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ  ည ၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)