စစ်ကိုင်း ၂၉ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်တွင် ကိုးလအတွင်း  ယာဉ်တိုက်မှု ၁၀ဝကျော်ဖြစ်ပွားခဲ့ပီး ၃၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

၂၀၁၉ ခုနှစ်တွင် ဇန်ဝါရီလမှ  စက်တင်ဘာလ အထိ စစ်ကိုင်းမြို့နယ်၊မြင်းမူမြို့နယ် နှင့် မြောင်မြို့နယ်တို့ တွင် ယာဉ်မတော်တဆမှုပေါင်း ၁၁၅ မှုထိ ဖြစ်ပွားထားပြီး သေဆုံးသူ ကျား ၂၆ ဦး၊ မ ၈ ဦး နှင့် ဒဏ်ရာရရှိသူ  ကျား ၁၂၃ ဦး၊ မ ၆၅ ဦးရှိခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု အနေဖြင့် ကျပ်သိန်း ၅၁၀ ကျော်ရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယခရိုင်မှူး ရဲမှူးမျိုးလွင်က ပြောသည်။

 

အောက်တိုဘာလ ၂၇ ရက်နေ့၊နံနက်ပိုင်းအချိန်က  စစ်ကိုင်းခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ပြည်သူ့စကားဝိုင်းတွင် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယခရိုင်မှူး ရဲမှူးမျိုးလွင်က ထို့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၁၈ ခုနှစ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်၊မြင်းမူမြို့နယ် နှင့် မြောင်မြို့နယ်တို့ တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁၄၆ မှုထိ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ကျား ၅၃ ဦး၊မ ၁၈ ဦး နှင့် ဒဏ်ရာရရှိသူ  ကျား ၁၉၃ ဦး၊ မ ၆၂ ဦးရှိပြီး စုစုပေါင်းပျက်စီးဆုံးရှုံးမှုအေနဖြင့်  ကျပ်သိန်း ၅၈၀ ကျော်ရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယခရိုင်မှူး ရဲမှူးမျိုးလွင်က ပြောသည်။

 

လူအောင်(ကသာ)