နယူးယောက်  ၁ နိုဝင်ဘာ

 

သတင်းအမှားများအပေါ်တွင် နိုင်ငံရေးသမားများ၏ စိုးရိမ်ကြောင့်ကြမှု ကြီးထွားလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခုဖြစ်သည့် တွစ်တာက ၎င်း၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်တွင် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ တင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ သည်။

 

တွစ်တာ၏ အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီက ပြောကြားရာတွင် အင်တာနက်တွင် ကုန်ပစ္စည်းများ ကြော်ငြာခြင်းသည် ကုန်ပစ္စည်းလုပ်ငန်းများအတွက် မယုံကြည် နိုင်လောက်အောင် စွမ်းအားရှိပြီး ထိရောက်ကြောင်း၊ ထိုစွမ်းအားကို နိုင်ငံရေးနယ်ပယ် မဲဆွယ်ရာတွင် အသုံးပြုပါက မဲဆန္ဒရှင် သန်းပေါင်းများစွာ၏ ဘဝကို လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ဆိုသည်။ ယခုတွစ်တာ၏ ဆောင်ရွက်ချက်သည် အခြားလူမှုဆက်သွယ်ရေးကွန်ရက် တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ပေါ်ရှိ နိုင်ငံရေးသမားများ၏ ကြော်ငြာများတွင်ပါဝင်သော အချက်အလက်များကို စစ်ဆေးရန် ဖိအားပေးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဂျက်ဒေါ်ဆီက ပြောကြားရာတွင် လာမည့် နိုဝင်ဘာ ၂၂ ရက် တွင် ထုတ်ပြန်ရန်ရှိသည့် တွစ်တာ၏ မူဝါဒ သစ်အရ တွစ်တာစာမျက်နှာများပေါ်တွင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပါတီ ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာများကို ထည့်သွင်းခြင်းအား တားမြစ်ပိတ်ပင်သွား မည်ဖြစ်သည်။ မိမိတို့အနေဖြင့် တွစ်တာ စာမျက်နှာပေါ်ရှိ လူမှုကွန်ရက်သုံးစွဲသူတိုင်းအား ပိတ်ပင်မည်ဆိုပါက တရားမျှတမှုရှိမည် မဟုတ်ကြောင်း၊ သို့သော် ပါတီကိုယ်စားလှယ် လောင်းများအနေဖြင့် ၎င်းတို့ ရှေ့ဆက်ဆောင်ရွက်လိုသော ကိစ္စများအတွက် တွစ်တာရှိ ကြော်ငြာများကို ဝယ်ယူအသုံးပြုမည်ဆိုပါကလည်း တရားမျှတမှုမရှိသည့်အတွက် ထိုကိစ္စများကိုတားဆီးရန် ရည်ရွယ်သည်ဟု ဂျက်ဒေါ်ဆီက ပြောကြားသည်။

 

တွစ်တာ၏ ယခုပိတ်ပင်မှုသည် ဖေ့စ်ဘွတ်၏ နိုင်ငံရေးသမားများ၏ မိန့်ခွန်းများနှင့် ကြော်ငြာများအား အချက်အလက်စိစစ်မှု မပြုဘဲ ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် ထုတ်လွှင့်ခွင့်ပြုခြင်းနှင့်အပြိုင် ဖြစ်ပေါ်လာ သည်။ ဖေ့စ်ဘွတ်၏ စီအီးအိုမာ့က်ဇူကာဘတ် က နိုင်ငံရေးဆိုင်ရာကြော်ငြာများသည် ဝင်ငွေ၏ အဓိကအရင်းအမြစ်မဟုတ်ကြောင်း ပြောကြားသည်။ "ကျွန်တော်တို့အနေနဲ့ အွန်လိုင်းမှာ နိုင်ငံရေးအရ ကြော်ငြာခြင်းမရှိ ပေမယ့် အတိုင်းအတာတစ်ခုအထိ မြင့်တက်လာတဲ့ လူမှုရေးလှုပ်ရှားမှုတွေကို မြင်တွေ့နေ ပါတယ်။ ဒါတွေဟာ မြင့်တက်လာဦးမယ်လို့လည်း ယုံကြည်နေပါတယ်"ဟု ဂျက်ဒေါ်ဆီက ပြောကြားသည်။ တွစ်တာအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် ဝင်ငွေဒေါ်လာ သန်းပေါင်း ရာပေါင်းများစွာဆုံးရှုံးပြီး အလွန် မိုက်မဲသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်၏ ၂၀၂၀ ပြည့်နှစ် မဲဆွယ် စည်းရုံးမှုဆိုင်ရာ မန်နေဂျာ ဘရတ်ပါစကေး က ပြောကြားသည်။

 

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-စိုးသူရ