ပြည်ကြီးမဏ္ဍိုင် ၁ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာ၊ ဝါးဒင်ခေျာင်းဖျား အနီးတွင် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁ဝ နာရီ အချိန်ခန့်က သားရေများ ခွါယူထားသည့် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျှက်တွေ့ရှိကြောင်း ယင်းနယ်မြေရဲစခန်းမှ သိရသည်။
ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝါးဒင်းကျေးရွာ၊ ဝါးဒင်းချောင်းဖျားနေရာ၌ အောက်တိုဘာ ၃၁ ရက် ၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က အမြင့် ၁၀ ပေ၊ အလျား ၁၁ ပေ၊လုံးပတ် ၁၈ ပေ၊ နှာမောင်း ခြောက်ပေ၊ အမြီးသုံးပေ၊ ယာဘက်နားရွက်ပြတ်နေသော တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဝါးဒင်းကျေးရွာ၊ ယုဇနဆီအုန်းကုမ္ပဏီစက်ရုံ အနောက်ဘက်(၅)မိုင်ခန့်အကွာ ဝါးဒင်းချောင်း အနောက်ဘက် ပေ ၈၀ တံတားအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆင်သေမှာ ဝဲဘက်ခြမ်းသို့ စောင်းလျှက် ဦးခေါင်း အနောက်မြောက်ဘက်သို့ ထိုးလျှက် ဆင်သားရေ (၃ပုံ-၂ ပုံ) ခန့် ခွါယူခံထားရပြီး အဆိပ်လူးမြား ဒဏ်ရာဟု ယူဆရသော ဒဏ်ရာလေးချက်ဖြင့် သေဆုံးနေခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ)ရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


