နေပြည်တော် ၁ နိုဝင်ဘာ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်နေ Pan Asia တာဝါတိုင်ကုမ္ပဏီမှ လောင်စာဆီတာဝန်ခံ ကျော်စိုးဝင်း သည် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်က တာဝါတိုင်များအား သွားရောက်စစ်ဆေးစဉ် တပ်ကုန်းမြို့နယ်၊ ဒဟတ္တောကျေးရွာအနီးရှိ ooredoo ဆက်သွယ်ရေး တာဝါတိုင်အမှတ် MPW-2104 ရှိ မီးစက်ဆီတိုင်ကီအတွင်းမှ Premium Diesel ဂါလံ ၁၃၀ နှင့် ပေတောကျေးရွာအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်အမှတ် MPW-2101 ရှိ မီးစက်ဆီတိုင်ကီ အတွင်းမှ Premium Diesel ဂါလံ ၁၀ဝ ဂါလံ၊ စုစုပေါင်း ဂါလံ ၂၃၀ (တန်ဖိုး ငွေကျပ် ၉၂၀ဝ၀ဝ ခန့်) ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် ဆည်တိုကျေးရွာအနီးရှိ MPW-2103 သို့ ဆက်လက်စစ်ဆေးရာ အမျိုးသား (၅) ဦးမှာ 1N/---- Canter ယာဉ်ဖြင့် ဒီဇယ်ပေပါများ တင်ဆောင်၍ အမှတ်(၂)ခရိုင်ချင်းဆက် လမ်းအတိုင်း ရမည်းသင်းမြို့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားသည်ကို တွေ့ရှိရသဖြင့် တောင်ပို့သာ နယ်မြေရဲစခန်းအား အကြောင်းကြားခဲ့သည်။
တောင်ပို့သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရမည်းသင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ရမည်းသင်းမြို့နယ်၊ ကြေးနီကန်မြောက်ဘက် တာဘောင်ပေါ်၌ အဆိုပါယာဉ်အား ဒီဇယ်ဂါလံ ၂၃၀ ပါ ပေပါများ တင်ဆောင်လျက် ပခုက္ကူမြို့နယ်၊ ကျွန်းရောင်းကျေးရွာနေ မျိုးမြင့်အောင်(၂၆)နှစ်ပါ (၅)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား တောင်ပို့သာနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


