ဝါရှင်တန် ၃ နိုဝင်ဘာ
အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ပဏာမအဆင့် ကုန်သွယ်ရေး သဘောတူညီစာချုပ်တစ်ရပ်ကို အမေရိကန် ပြည်ထောင်စု အိုဝါပြည်နယ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်သည်။
ယခုလနှောင်းပိုင်းတွင် ချီလီနိုင်ငံတွင် ကျင်းပမည့် အေပက်စ်ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက အဆိုပါသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း ချီလီနိုင်ငံအတွင်း မငြိမ်မသက်မှုများကြောင့် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
သို့သော် သမ္မတထရန့်က နှစ်နိုင်ငံကုန်သွယ်ရေး ကနဦးသဘောတူညီစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး လက်မှတ်ရေးထိုးမည့် နှစ်နိုင်ငံ သဘောတူညီစာချုပ်တွင် လယ်သမားများအတွက် သမိုင်းတွင်စေမည့် ကြီးမားသော အခွင့်အလမ်းများပါရှိသည့်အတွက် အမေရိကန်ပြည်ထောင်စု အိုဝါပြည်နယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတထရန့်က ဆိုသည်။
လွန်ခဲ့သောလက တရုတ်နိုင်ငံက အမေရိကန်လယ်ယာထွက်ကုန်ပစ္စည်းများကို တင်သွင်းရန် သဘောတူညီမှုရရှိခဲ့သည့် အချိန်ကစပြီး သမ္မတထရန့်က နှစ်နိုင်ငံ ကုန်သွယ်ရေးပဏာမအဆင့် သဘောတူညီစာချုပ်ကို လယ်သမားအများစုနေထိုင်သည့် အိုဝါပြည်နယ်တွင် လက်မှတ်ရေးထိုးရန်ဆန္ဒရှိခဲ့သည်။
နှစ်နိုင်ငံတာဝန်ရှိသူများက အဆိုပါကုန်သွယ်ရေး စာချုပ်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကုန်သွယ်ရေး ပဋိပက္ခနှင့်ပတ်သက်ပြီး နယ်ပယ်အများစုတွင် သဘောတူညီမှုရရှိပြီဖြစ်ကြောင်းနှင့် သဘောတူညီမှုမရရှိသေးသော ကဏ္ဍများကို ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ကိုးကား-အင်န်အိတ်ခ်ျကေ
ဘာသာပြန်- အောင်ကျော်ကျော်


