နေပြည်တော် ၄ နိုဝင်ဘာ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့စတင် ကျင်းပသည့် (၁၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလအတွင်းတွင် ဆွေးနွေးကြရမည့် ဥပဒေကြမ်း ၁၆ ခုရှိပါကြောင်း၊ အဆိုများအနေဖြင့် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလအတွင်းတွင် တင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်အဆို ၁ ခု အပါအဝင် အသင့်ဖြစ်အဆို ၅ ခုရှိပါကြောင်း၊ အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း ၁၆၅ ခုရှိပါကြောင်း၊ ကိုယ်စားလှယ်များ၏ အခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် ယခင် အကြိမ်များက ကျန်ရှိခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၁၀၈ ခုကို (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေထားပြီးဖြစ်ကြောင်းကို အသိပေးအပ်ပါကြောင်း။
လွှတ်တော်များ ခိုင်မာအားကောင်းပြီး ပြည်သူက ပိုမိုအားကိုးလာရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် ဥပဒေပြုရေးတာဝန်များကို ကျွမ်းကျင် ပိုင်နိုင်စွာ ထမ်းဆောင်ကြရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့သည် ပြည်သူကို ကိုယ်စားပြုထားသူများဖြစ်ပြီး တာဝန်ယူထားရသည့် လွှတ်တော်လုပ်ငန်းစဉ်များကို ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို စိစစ်ထိန်းညှိပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်းသွားရမည်ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာရန်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ရန် အတူတကွ လက်တွဲဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို ဖြူစင်သည့် စိတ်စေတနာ၊ မှန်ကန်သည့် ဆောင်ရွက်ချက်များနှင့် စည်းစည်းလုံးလုံး လက်တွဲညီညီဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်း၍ မိမိခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့သည့် ခရီးစဉ်၊ ပုဗ္ဗသီရိ မဲဆန္ဒ နယ်မှ ဦးရည်မွန်(ခ)ဦးတင်သစ်ခေါင်းဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်၊ မြဝတီ မဲဆန္ဒနယ်မှ ဦးစိန်ဗိုလ် ကာဇက်စတန်သမ္မတနိုင်ငံ 4th Meeting of Speakers of the Eurasian Countries’ Parliaments သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ဒေါပုံ မဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို ဆွစ်ဇာလန်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့သို့ ငြိမ်းချမ်း ရေးလုပ် ငန်းစဉ်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ လေ့လာရေး သွားရောက်ခဲ့ သည့် ခရီးစဉ်၊ သာကေတ မဲဆန္ဒနယ်မှ ဒေါက်တာဝေဖြိုးအောင် မလေးရှားနိုင်ငံ နိုင်ငံတကာပါလီမန်များအဖွဲ့နှင့် ကုလသမဂ္ဂ က ဦးစီးကျင်းပသော အာရှ-ပစိ ဖိတ်ဒေသနိုင်ငံများအတွက် အကြမ်းဖက်ဝါဒနှင့် ယင်းတို့ဖြစ်ပေါ်စေသော အစွန်းရောက်ဝါဒတို့အား ဆန့်ကျင်ရေးနှင့် စပ်လျဉ်းသည့် ဒေသဆိုင်ရာ ဆွေးနွေးပွဲ သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ လသာ မဲဆန္ဒနယ်မှ ဒေါ်ခင်မို့မို့အောင် ထိုင်းနိုင်ငံ1st South- East Asia Inter Parliamentary meeting on Implementation of the Sustainable Development Goals နှင့် 3rd South-East Asia Forum on Implemantation of the Sustainable Development Goals သွားရောက်ခဲ့သည့် ခရီးစဉ်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ အင်ဒိုနီးရှားနိုင်ငံသို့ အင်ဒိုနီးရှား နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) အကောင် အထည်ဖော်ရေး အမျိုးသားကော်မတီ (PANTAP) နှင့် ပတ်သက်၍ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင် ဆားဘီးယား နိုင်ငံသို့ (၁၄၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံ သွားရောက်ခဲ့သည့် ခရီးစဉ်၊ လမ်းမတော် မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း စင်္ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံ သို့ ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရစနစ်များကို လေ့လာရန် သွားရောက်ခဲ့သည့် ခရီးစဉ်၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း ထိုင်းနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်၊ နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သြစတြေးလျနိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊ ပုသိမ် မဲဆန္ဒနယ်မှ ဦးဝေလှိုင်ထွန်း ဂျပန်နိုင်ငံ 17th Study Tour to Japan “Mediation” သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ထန်းတပင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်း ပေါ်တူဂီနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သို့ Lisbon Addictions 2019 Conference နှင့် မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေးလုပ်ငန်းများသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်တို့၏ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်ကြောင်းကြေညာသည်။
ယင်းနောက် ပြည် မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၏ လူမှုဝန်ထမ်းဦးစီး ဌာန လက်အောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားရှိနိုင်သော သင်တန်းသားဦးရေထက် နှစ်ဆကျော်ခန့်ပိုမိုများပြားနေခြင်းအား မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ်ဦးရေ တိုးတက်များပြားလာမှုကြောင့် လူငယ်သင်တန်းကျောင်းသစ်(၁)ကျောင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ မြေနေရာရရှိရေးအတွက် လျှောက်ထားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေနေရာရရှိလာမည်ဆိုပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခွင့်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အတူ သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းမရှိသေးသည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း သင်တန်းကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မန္တလေး လူငယ်သင်တန်းကျောင်းတွင် ထမင်းစားဆောင် ၁ဆောင်၊ ဧည့်တွေ့ဆောင် ၁ ဆောင်၊ ဘက်စုံသုံး ခန်းမဆောင် ၁ ဆောင် တို့ကို ဆောက်လုပ်နိုင်ရေးအတွက် လည်းကောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းတွင် ကျောင်းသားအိပ်ဆောင်သစ် ၄ ဆောင်ကို ချိန်းနှင့် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ ထမင်းစားဆောင် ၁ ဆောင်၊ ဧည့်တွေ့ဆောင် ၁ ဆောင်တို့ကို ဆောက်လုပ်နိုင်ရေးအတွက် လည်းကောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်းတွင် လေးထပ် အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက လစ်လပ်လာမည့် လက်ရှိ အိပ်ဆောင် ၁ ဆောင်ကို အားကစားခန်းမအဖြစ် ပြုပြင်သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ မွန်ပြည်နယ် သင်တန်းကျောင်းတွင် ကလေးဦးရေ ၁၅၀ ဆံ့ ၂ ထပ်ဆောင် ၁ ဆောင် ထပ်မံဆောက်လုပ်နိုင်ရေးအတွက်လည်းကောင်း ၊ ပြည်ထောင် စုနယ်မြေ နေပြည်တော်တွင် မြေနေရာရရှိပါက လူငယ်သင်တန်းကျောင်း တစ်ကျောင်းကို လာမည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးတွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အခန်း ၂၀ အခြား နည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းအပိုင်းရှိ ပုဒ်မ (၇၁)မှ (၇၇)တို့အရ လည်းကောင်း၊ ဥပဒေတွင်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ တရားရုံးများနှင့် ရဲတပ်ဖွဲ့တို့က လိုက်နာဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ အမှုများကို ပိတ်သိမ်းနိုင်ပြီး ဆုံးဖြတ်ချက်သည် အပြီးပြတ်ဖြစ်စေသည်အထိ လုပ်ပိုင်ခွင့်ရရှိထားသည့် မြို့နယ် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များကို အမြန်ဖွဲ့စည်းပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလိုက်နာ ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များကို အမြန်အကောင်အထည်ဖော်ပြီး သင်တန်းသားဦးရေ များပြားနေမှုကို အမြန်ဆုံးဖြေရှင်းပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်၏ တောင်ဥက္ကလာပ မြို့နယ် ငမိုးရိပ်ချောင်း၏ ကမ်းထိန်းနံရံတစ်လျှောက်တွင် ကျူးကျော်များရောက်ရှိမလာစေရန် နှင့် ကမ်းနားတစ်လျှောက်တွင် ဒေသအခြေအနေနှင့် ကိုက်ညီမည့်အပင်များ စိုက်ပျိုး ပေးရန် သက်ဆိုင်ရာဌာနအနေဖြင့် မည်သု့ိစီစဉ်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက တောင်ဥက္က လာပမြို့နယ် ငမိုးရပ်ချောင်း၏ တည်ဆောက်ပြီးသော ကမ်းထိန်းနံရံတစ်လျှောက် စိမ်းလန်းသာယာလှပရေးအတွက် အပင်များစိုက်ပျိုးခြင်းကို ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း အခြားအဖွဲ့အစည်း(သို့မဟုတ်) ရပ်မိရပ်ဖများ၏ အစီအစဉ်ဖြင့် စိုက်ပျိုးလို၍ ဦးစီးဌာန သို့ ညှိနှိုင်းလာပါက စိစစ် ခွင့်ပြုပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေအရ ဦးစီးဌာနက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ကမ်းနား နယ်အတွင်း ကျူးကျော်မှုများ မဝင်ရောက်စေရေးအတွက် ယခု နိုဝင်ဘာလ မကုန်မီ သတိပေးတားမြစ်သည့် ဆိုင်းဘုတ်များကို စိုက်ထူ၍ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။
မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်၏ မာန်အောင်မြို့နယ်မှ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့များနှင့် ပြည်နယ်၊ ပြည်မရှိ မြို့များသို့ ခရီးသွားလာရာတွင် အဆင်ပြေမြန်ဆန်ရေးအတွက် ရမ်းဗြဲနှင့် မာန်အောင်သို့ ဇက်ရေယာဉ်ပြေးဆွဲပေးရန် အစီအစဉိရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြားသင့်လျော်သည့် ဇက်ရေယာဉ်ဖြင့် ကူးသန်းသွားလာ၍ ခရီးစဉ်များ ပြေးဆွဲမည်ဆိုပါက ဇက်ကူးတို့ ချဉ်းကမ်းလမ်း၊ မော်တော်ယာဉ်လမ်းနှင့် ဇက်ဆိုက်ကပ်ဆိပ်ကမ်းတို့ကို ပြည်နယ်အစိုး ရနှင့် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့တို့အနေဖြင့် ဖောက်လုပ်တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ကုန်ကျစရိတ်များပြားနိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ရေလမ်းခရီး တွင် ဇက်ရေယာဉ်ပြေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက စီးပွားရေးတွက်ချေ ကိုက်နိုင်ခြေ နည်းပါးပါကြောင်း။
တင်ပြခဲ့သည့် အကြောင်းများကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်း အကြား ဇက်ရေယာဉ်ပြေးဆွဲပေးရန် အစီအစဉ် မရှိပါကြောင်း၊ သို့ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ငွေလုံးငွေရင်းအသုံးစရိတ် ဖြင့် ရေချမ်းပြင်-အငူမော် ခရီးလမ်း ပြေးဆွဲရန်အတွက် ကားကြီး၊ ကားသေး ၂၅ စီးခန့် တင်ဆောင်နိုင်သည့် ပေ(၂၀၀×၅၀×၁၀) အတိုင်းအတာရှိ ကမ်းရိုးတန်းသွား ရေယာဉ် သစ် ၁ စီးကို ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတွင် တည်ဆောက်လျက်ရှိရာ မကြာမီ ပြီးစီး တော့မည် ဖြစ်ပါကြောင်း။
အဆိုပါ ရေယာဉ်သစ်ကို တည်ဆောက်ပြီးချိန်တွင် လက်ရှိ နယ်မြေအခြေအနေ အရ ရေချမ်းပြင်-အငူမော် ခရီးလမ်းတွင် ပြေးဆွဲနိုင်ခြင်းရှိမည် မဟုတ်သေးကြောင်း ခန့်မှန်းရပါသဖြင့် အဆိုပါ ကမ်းရိုးတန်းသွား ဇက်ရေယာဉ်ကို ပုဂ္ဂလိကလုပ်ငန်းရှင် များက ငှားရမ်းအသုံးပြု၍ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ပြေးဆွဲလိုခြင်းရှိပါက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် ငှားရမ်းပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၏ ကြို့ပင်ကောက် မြို့နယ် ကြို့ကုန်းအုပ်စုအတွင်းရှိ အုန်းနှဲကုန်း၊ သံဖြူချောင်း၊ သက်ရင်းကုန်းကျေးရွာများ လျှပ်စစ်ဓာတ်အား အဆင်ပြေစွာရရှိနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးကဏ္ဍများ ဆောင်ရွက်ရာ၌ ရပ်စောက်မြို့နယ်အတွင်း မီးလင်းလိုသည့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ မည်သို့သော မူဝါဒ၊ သတ် မှတ်ချက်များဖြင့် ရွေးချယ်ဆောင်ရွက် နေသည်ကို သိလိုခြင်း မေးခွန်း၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏ ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ် ဟင်းငုတ်ပင် ၂၃၀ ကေဗွီ ပင်မဓာတ်ခွဲအားရုံမှ ကရင်ပြည်နယ် သံတောင်မြို့၊ သံတောင်ကြီးမြို့၊ ဘောဂလိမြို့၊ လိပ်သိုမြို့များသို့ ၃၃/၁၁ ကေဗွီဓာတ် အားလိုင်း သီးခြားသွယ်တန်းပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကလည်းကောင်း၊ မင်းလှ မဲဆန္ဒနယ်မှ ဦးကျော်ကြီး (ခ) ဦးအုန်းခင်၏ မင်းလှမြို့နယ် ရွာတော်ကျေးရွာ အနောက်ဘက် ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ ကျောက်မှော်ဘုန်းတော်ကြီးကျောင်းနှင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများ မြစ်ရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရန် ရေကာတာတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ် အမှတ်(၄) ရပ်ကွက်တွင် ရထားလမ်းဘူတာရုံအဖြစ် တည်ဆောက်ခဲ့ကြသော မြေနေရာကို ဆက်လက်ပြီး ဘူတာရုံတည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို နိုဝင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)


