ဗန်ကောက်   ၇  နိုဝင်ဘာ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စစ်သွေးကြွများက ချုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ ၁၅ နှစ်တာ မတည်မငြိမ် ဖြစ်နေသည့်နေရာတွင် ပထမဆုံး သွေးထွက်သံယိုမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ် သုံးခုတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ယခုအချိန်အထိ လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဒေသတွင် မလေး-မွတ်စလင် စစ်သွေးကြွများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တိုက်ပွဲဝင်လျက်ရှိသည်။

ဒေသတွင်း သေဆုံးသည့် ပမာဏမြင့်မားနေသည့်တိုင် နိုင်ငံတကာသတင်းခေါင်းများတွင် ဖော်ပြမှု နည်းပါးနေသေးကြောင်း သိရသည်။

အဆိုပါဒေသအား ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်က ထိန်းချုပ်နေရသည်။ ဒေသခံများနှင့် လက်ယာ နိုင်ငံရေးအုပ်စုများက ၎င်းတို့၏ ထိန်းချုပ်မှုများနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်ခဲ့သည်။ ယင်းဒေသတွင် လုံခြုံရေးတပ်ဖွဲ့များက လေ့ကျင့်ပေးထားသော ရွာသားများလည်း စစ်မှုထမ်းကြရသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ သူပုန်များ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး ၁၂ ဦး သေဆုံးခဲ့ပြီး ဆေးရုံတွင် နှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်းနှင့် ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပရာမုတ်က ပြောကြားခဲ့သည်။

အေအက်ဖ်ပီ