နေပြည်တော် ၇ နိုဝင်ဘာ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ် မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၆၅) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၃၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀) မိုင်ခန့်နှင့် ဂွမြို့ (Gwa) ၏ အနောက်တောင်ဘက် ရေမိုင် (၃၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) သည် မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၇) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၇) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းဖြစ်သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)သည် နောက် (၁၈) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားမည် ဟု ခန့်မှန်းရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက် (၄၈) နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၂) ပေခန့် ရှိနိုင်သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) ၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ အသိပေး နှိုးဆော်ထားသည်။
MDN



