(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)

 

(မြန်မာစံတော်ချိန်(၁၉:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းအမှတ်စဉ်(၁၁)အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၀ဝ) မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်-West Bengal) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၇၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၀ဝ)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်တောင်ဘက် ရေမိုင် (၃၈၀)မိုင်ခန့်နှင့် မောင်တော မြို့(Maungdaw)၏ အနောက်တောင်ဘက် ရေမိုင် (၃၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

 

ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။

 

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၄) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ်ပါသည်။

 

နောက်(၆)နာရီအတွင်းခန့်မှန်းချက်အနေဖြင့်  ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)သည် နောက်(၆) နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားမည်ဟု ခန့်မှန်းရသည်။

 

အသိပေးနှိုးဆော်ချက်

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၄၈)နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင် ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၄)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

 

အကြံပြုချက်

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်အပ်ထားသည်။

 MDN

 

75279