ဖားကန့်  ၉   နိုဝင်ဘာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း နိူဝင်ဘာ ၆ ရက်က ရေမဆေးကျောက် ရှာဖွေသူတစ်ဦး အနက်ပေ (၂၀၀) ခန့်ရှိ ရေကန်အတွင်း ပြုတ်ကျပျောက်ဆုံးနေရာမှ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက သေဆုံးသူရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆန်ခါကျေးရွာ "မြင့်မြတ်သူ" လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသီဟဈာန်ထံမှ သိရသည်။

 ဖြစ်စဉ်မှာ နိူဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီက ဖားကန့်မြို့နယ်၊ ဖဝါကျေးရွာ၊ "တောက်ပကြယ်" ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအနီးရှိ မြေစာပုံဟောင်းတွင် ရေမဆေးကျောက်ရှာဖွေနေသူ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်နေ လထော်တူးမိုင် (၃၀ နှစ်) သည် ရေမဆေးကျောက်ရှာဖွေနေစဉ် အနက်ပေ (၂၀၀) ခန့်ရှိ ရေကန်အတွင်းသို့ ပြုတ်ကျပျောက်ဆုံးခဲ့၍ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ "တောက်ပကြယ်" ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

 

mdn

 

 ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်စဉ်အတွင်း ယနေ့နံနက် ၆ နာရီတွင် ရေကန်အတွင်းမှ သေဆုံ့းသူရုပ်အလောင်းပေါ်လာခဲ့၍ "မြင့်မြတ်သူ" လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသီဟဈာန်နှင့် အဖွဲ့ဝင်များ၊ လုံးခင်းနယ်မြေ မီးသတ်တပ်စခန်းတပ်ဖွဲ့ဝင်များက ရုပ်အလောင်းကိုဆယ်ယူပြီး "မြင့်မြတ်သူ" လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)