နေပြည်တော် ၉ နိုဝင်ဘာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ ယနေ့ည ၇ နာရီထုန်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၅၀)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလား ပြည်နယ်-West Bengal)၏ တောင်ဘက် ရေမိုင် (၄၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၁၄၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၂၈၅)မိုင်ခန့်နှင့် မောင်တောမြို့ (Maungdaw)၏ အနောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
MDN


