မန္တလေး ၁၃ နိုဝင်ဘာ
နိုဝင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ Pullman ဟိုတယ်၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ''ကျွန်တော်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစပြီး ဒီအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ ကစားသမား ၃၅ ဦးရွေးပြီး လေ့ကျင့်ခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ၂၃ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီတစ်ပွဲတည်း ပြင်ဆင်တာမဟုတ်ဘဲ လာမယ့်ပွဲတွေအတွက်ပါ ပြင်ဆင်နေတာဖြစ်ပါတယ်။ သုံးပတ်ဝန်းကျင်ကာလအတွင်းမှာ ကြံ့ခိုင်မှုရော ကစားကွက်ပိုင်းပါ အကောင်းဆုံး ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကစားသမားတွေကလည်း သူတို့ကိုယ် သူတို့ယုံကြည်မှုရှိနေပြီး ပြီးခဲ့တဲ့သုံးပတ်နဲ့ နှိုင်းယှဉ်ရင် အများကြီး တိုးတက်လာပါတယ်။ အရင်ပွဲတွေက ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် အခုအချိန်ဟာ အရမ်းအရေးကြီးနေပြီ ဆိုတာ ပရိသတ်တွေသိရှိပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အကောင်းဆုံးကြိုးစားမှာဖြစ်ပြီး အဲ့ဒီလို ပြုလုပ်ရာမှာ ပရိသတ်အားပေးမှုက အလွန်အရေးပါပါတယ်''ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ တာဂျစ်ကစ္စတန်အသင်း နည်းပြချုပ် တိုရှက်ဗ်က ''မြန်မာနဲ့ ကစားရမယ့်ပွဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမှာဖြစ်ပြီး ပိုကောင်းအောင် ကစားနိုင်တဲ့ အသင်းက အခွင့်အရေးပိုရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ မြန်မာအသင်းဟာ မြန်ဆန်ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းနှင့် တာဂျစ်ကစ္စတန်အသင်းသည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီတွင် မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဝင်ကြေးအဖြစ် အထူးတန်းကျပ် ၂၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ထားသည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တာဂျစ်ကစ္စတန်အသင်းက သုံးပွဲကစား ခြောက်မှတ်ရထားပြီး မြန်မာအသင်းမှာမူ သုံးပွဲကစား သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MFF


