မော်စကို ၁၇ နိုဝင်ဘာ 

ရုရှားနိုင်ငံ၏ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ကိုယ်ပျောက်ရေငုပ်သင်္ဘော No-vorossiysk ကို ပင်လယ်နက်အတွင်း လေ့ကျင့်မောင်းနှင်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြသည်။

ပင်လယ်နက် ရေငုပ်သင်္ဘော အုပ်စုမှဖြစ်သည့် project 636.3 သည် ကမ္ဘာ့အငြိမ်သက်ဆုံးနှင့် ထောက်လှမ်းရန် အခက်ခဲဆုံး ရေငုပ်သင်္ဘော အမျိုးအစားဖြစ်သည့်အတွက် အဆိုပါရေငုပ်သင်္ဘောကို နောက်ဆုံးပေါ် ရေငုပ်သင်္ဘောဖျက် ထောက်လှမ်းရေးစနစ်များပင်လျှင် ကြားဖြတ်ထောက်လှမ်းနိုင်စွမ်း မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

အဆိုပါရေငုပ်သင်္ဘော၏ မောင်းနှင်နိုင်စွမ်းမှာ တစ်နာရီလျှင် ၃၇ ကီလိုမီတာ အမြန်နှုန်းအထိရှိပြီး ၄၅ ရက်ကြာ ရေငုပ်နိုင်စွမ်းရှိကြောင်း၊ ပင်လယ်ရေအောက် အနက် ၃၀ဝ မီတာ ကျော်သည်အထိ ဆင်းသက်နိုင်စွမ်းရှိကြောင်း သိရသည်။ ရေငုပ်သင်္ဘောအတွင်း၌ ဒုံးကျည်များ၊ နောက်ဆုံးပေါ် ရေဒါစနစ်၊ ဆက်သွယ်ရေးစနစ်များနှင့် ရေအောက် အသံဖမ်းစနစ်များကိုလည်း တပ်ဆင်ထားသည်ဟု ဆိုသည်။

ရေငုပ်သင်္ဘောပေါ်တွင် သင်္ဘော အမှုထမ်း ၅၂ ဦးလိုက်ပါနိုင်ပြီး အလေးချိန်အားဖြင့် တန်ချိန် ၄၀၀၀ ရှိသည်။ အဆိုပါရေငုပ်သင်္ဘောကို ပြီးခဲ့သည့် ဇူလိုင်လက အကြီးစားပြင်ဆင်မွမ်းမံမှု ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်တွင် ရေတပ်စစ်ရေးပြအခမ်းအနား၌ ပါဝင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ 

ဆင်ဟွာ